ပီဒရီတယောက် ရီးရဲလ်မက်ဒရစ်ကို စောင်းမြောင်းပြောဆိုခဲ့ဟန်ရှိတယ်လို့ဆိုနေကြပါတယ်။

ဘာစီလိုနာကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ပီဒရီက မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ရည်ရွယ်ထိုးနှက်တဲ့ စကားလုံးတွေ ပြောကြားလာပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကတော့ အောင်မြင်ခဲ့ပါတယ်။



ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ၊ စပိန်စူပါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာကတော့ ယူရိုပါလိဂ်အထိ ရောက်ရှိကာ ဆီမီးဖိုင်နယ်နဲ့တောင် လွဲချော်ခဲ့ရပါသေးတယ်။ ဘာစီလိုနာဘက်တော်သားအချို့ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အောင်မြင်မှုအပေါ် အခွင့်ကြုံတိုင်း ထိုးနှက်လေ့ရှိပါတယ်။

အခုတခါမှာလည်း ဘာစီလိုနာနဲ့စပိန်ကွင်းလယ်လူကြယ်ပွင့်လေး ပီဒရီက ရီးရဲလ်မက်ဒရစ်ရဲ့အောင်မြင်မှုကို ရည်ရွယ်ပြီး အခုလို ပြောကြားလာဟန်ရှိပါတယ်။ ပီဒရီက “အချို့အသင်းတွေကျတော့ နိုင်ရင် ကျေနပ်နေပြီဗျ။ သူတို့ ဘယ်လိုပဲနိုင်ခဲ့၊ နိုင်ခဲ့ပေါ့။ ကျနော်တို့ ဘာစီလိုနာမှာကျ အဲ့ဒီလိုမဟုတ်ပါဘူး။ ကျနော်တို့လည်း အနိုင်ရချင်ပါတယ်”

“ဒါပေမယ့် ကျနော်တို့က ဘောလုံးကို ကောင်းကောင်းကစားရမယ်၊ အခွင့်အရေးတွေ ဖန်တီးနိုင်ရမယ်၊ ဒီလိုမျိုး စဥ်းစားဥာဏ်နဲ့ပေါ့။ ဒီလိုမျိုး ဘောလုံးကစားရတာကိုလည်း ကျနော်က ပိုမိုသဘောကျပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပီဒရီမတိုင်ခင်ကလည်း ဘာစီလိုနာနည်းပြ ဇာဗီက အခုလိုပြောကြားခဲ့ဖူးပါတယ်။

ဇာဗီက “ကျနော်တို့အနေနဲ့ အနိုင်ရရုံနဲ့ မပြီးပါဘူး။ ကစားပုံကောင်းဖို့၊ ပြိုင်ဘက်ကိုလွှမ်းမိုးနိုင်ဖို့ဆိုတာမျိုးရှိပါတယ်။ ရီးရဲလ်မက်ဒရစ်မှာတော့ ဒါမျိုးရှိ၊ မရှိ ကျနော်မသိပါဘူး” လို့ ပြောကြားခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက သူတို့အတွက် ဆုဖလားရဖို့လည်း အရေးကြီးကြောင်း၊ အချို့အသင်းတွေကတော့ ကစားပုံကောင်းတာကိုပဲ ကျေနပ်နေကြကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က