ခရစ္စတီယာနိုရော်နယ်ဒိုကတော့ အသက် ၃၀ ပြည့်ပြီးနောက်မှာ သွင်းဂိုးပေါင်း ၄၀၀ အထိ သွင်းယူနိုင်ခဲ့ပြီလို့ မှတ်တမ်းအချက်အလက်တွေအရ သိရပါတယ်။ ဒါဟာ ရော်နယ်ဒိုက ပြီးခဲ့တဲ့ ၈ နှစ်အတွင်း တနှစ်ကို ပျမ်းမျှ သွင်းဂိုး ၅၀ အထိ ရရှိခဲ့တာလို့ ဆိုနိုင်တာဖြစ်ပြီး တကယ်ကို အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ကစားသမားတဦးက အသက် ၃၀ ဆိုရင် အကောင်းဆုံးအချိန်တွေ ကုန်ဆုံးပြီလို့ သတ်မှတ်လေ့ရှိတာပါ။ ဒါပေမယ့် ရော်နယ်ဒိုကတော့ အဲဒီအသက်အရွယ်ကို ကျော်လွန်လာချိန်မှာမှ ပိုပြီးတော့တောင် ခြေစွမ်းပိုင်းကောင်းမွန်လာခဲ့ပြီး လက်ရှိ အသက် ၃၈ နှစ်အရွယ်အထိ ဂိုးတွေအများအပြားသွင်းယူထားနိုင်ခဲ့ပါတယ်။
သူ့ရဲ့ အသက် ၃၀ ကျော်မှ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ဟာ နာမည်ကျော်တိုက်စစ်မှူးတချို့ရဲ့ ကစားသမားဘ၀တလျှောက်လုံးရရှိခဲ့တဲ့ သွင်းဂိုးအရေအတွက်ထက်တောင် ပိုများနေပါတယ်။ ရွန်နီ၊ အလန်ရှီးယားတို့ထက် ပိုမိုများပြားနေပြီး ဘန်ဇီမာ၊ ကာဗာနီ၊ အဂူရို၊ အီတူး၊ အွန်နရီတို့ရဲ့ ကစားသမားဘ၀သွင်းဂိုးတွေနဲ့လည်း သိပ်မကွာဟတဲ့ အရေအတွက်သာ ရှိပါတယ်။
ဒီနှစ်အတွင်းမှာလည်း သူက ဂိုးပေါင်း ၄၄ ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ်မှာ ပြုလုပ်ပြထားတာဖြစ်ပြီး ရော်နယ်ဒိုကတော့ သက်တမ်းရင့်လေ ပိုကောင်းလေ၊ ပိုတန်ဖိုးကြီးလေဆိုတဲ့ ဝိုင်လိုပါပဲ။ ကစားသမား ၉၀% လောက် ခြေစွမ်းကျဆင်းပြီး အရန်ခုံမှာထိုင် အချိန်ကုန်နေရတဲ့ အသက်အရွယ်မျိုးမှာ သူက ပွဲထွက်ကစားခွင့်ရနေပြီး ဂိုးတွေလည်း ဆက်တိုက်သွင်းယူနေတာကိုကလည်း ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်အဖြစ် ချီးကျူးခံနေရပါတယ်။