မြန်မာလူငယ်များအကြား ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အသိအမြင်နဲ့ကျွမ်းကျင်မှုများ တိုးတက်လာစေဖို့ရည်ရွယ်ပြီး Myanmar Cyber Security Challenge (2019) ပြိုင်ပွဲ ကျင်းပသွားမယ်လို့ဆိုပါတယ်။
Photo: Mmcert
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပြီး တက္ကသိုလ်ကျောင်းသား သီးသန့်ဝင်ရောက် ယှဉ်ပြိုင်ရမယ့် ဆိုက်ဘာလုံခြုံရေး ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဆုရရှိတဲ့ ပြိုင်ပွဲဝင်များကို စကာၤပူ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို စေလွှတ်သွားမယ်လို့လည်း ဆိုပါတယ်။
ယခုနှစ် Cyber Security Challenge ပြိုင်ပွဲမှာ ပေးမယ့် ဆုပမာဏ အပါအဝင် စည်းကမ်းချက်အကြောင်း အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ၂၀၁၈ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲမှာတော့ ပထမဆု ကျပ် ၁၀ သိန်း ၊ ဒုတိယဆု ၇ သိန်း နဲ့တတိယဆု ကျပ် ၅ သိန်း ပေးခဲ့တာပါ။
Myanmar Computer Emergency Response Team - Mmcert ရဲ့ စာမျက်နှာမှာတော့ ပြိုင်ပွဲဝင်များဟာ Web Security, Reverse Engineering, Binary Exploitation, Cryptography, Steganography, Forensics, Packet Analysis စတဲ့ ဘာသာရပ်တွေ ကြိုတင်လေ့လာထားဖို့နှိုးဆော်ထားပါတယ်။
၂၀၁၈ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကတော့ အသက် ၃၀ နှစ်အောက်များ လက်ခံခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ မှာတော့ ကျောင်းသားအဆင့် Cyber Security Challenge အပြင် အလွတ်တန်း အဆင့်ပြိုင်ပွဲကိုလည်း လာမယ့် နှစ်လယ်မှာ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
စကာၤပူမှာ ကျင်းပသွားတဲ့ ၉ ကြိမ်မြောက် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲမှာ အာဆီယံ ၁၀ နိုင်ငံမှ ပြိုင်ပွဲဝင် ၃၈ သင်း ပါဝင်ခဲ့ပြီး စကာၤပူမှ အဆင့် ၁ ၊ မြန်မာမှ အဆင့် ၂၁ ရရှိခဲ့တယ်လို့သိရပါတယ်။
Photo: Mmcert
၂၀၁၉ Cyber Security Challenge ဟာ စတုတ္ထအကြိမ်မြောက် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ စတင်ကျင်းပလာခဲ့တာပါ။