အရိုင်းကတော့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းစာထက် ဆိုင်းတွေ၊ ဗုံတွေ တီးရတာကို ပိုသဘောကျတယ်လို့ဆိုပါတယ်။ ချစ်သူရည်းစားတောင် မထားခဲ့ပါဘူးတဲ့။
သရုပ်ဆောင် အရိုင်းကတော့ တက္ကသိုလ်ဘဝတုန်းက အမှတ်တရလေးတွေ ပြောပြလာပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝလေးတွေက အရမ်းစိတ်ချမ်းသာဖို့ကောင်းတယ်လို့ဆိုပါတယ်။
“ တက္ကသိုလ်မှာတုန်းကတော့ သူ့ခေတ်၊ သူ့အခါအလိုက် ဇာတ်လမ်းတွေတော့ ရှိကြမှာပေါ့။ ကိုယ်တွေတုန်းကတော့ လွတ်လွတ်လပ်လပ်နဲ့ ပျော်စရာကောင်းပါတယ်။ အခုခေတ် ကလေးတွေကိုကြည့်လိုက်ရင်လည်း စိတ်ချမ်းသာနေကြတာပဲ။ တွေးကြည့်လိုက်ရင်တော့ ဒီလို နယ်ပယ်တစ်ခုကို ရောက်လာရင် အားလုံးက စိတ်ချမ်းသာနေကြတာပါပဲ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၀ ရက်နေ့က တက္ကသိုလ်နှစ်၁၀၀ ပြည့်အတွက် သီချင်းတွေ တိုက်နေကြတဲ့ အချိန်မှာ ဖြေဆိုခဲ့တာပါ။
သူကတော့ ကျောင်းတက်တဲ့အချိန်မှာ ချစ်သူရည်းစား မထားခဲ့တာကလည်း အမှတ်တရတွေထဲက တစ်ခုပါပဲတဲ့။
“ တက္ကသိုလ်တုန်းက ရည်းစားမထားဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုကြိုက်တဲ့ကောင်မလေးတွေကတော့ အများကြီးပါပဲ(အယ်မယ်)..။ အလကားစတာပါ။ ဒီလိုအချိန်တွေလည်း မရှိခဲ့ပါဘူး။ ကျောင်းရောက်တာနဲ့ အနုပညာအသင်းထဲမှာ ဦးအရိုင်းတို့က တိန်တောင်၊ တိန်တောင်နဲ့ လုပ်နေရင်း စာမေးပွဲတောင်ကျတယ်။ အဲဒီတော့ ရည်းစားထားဖို့ကလည်း အချိန်မရှိခဲ့ပါဘူး” လို့ သူကဆိုပါတယ်။
Photo: Aung Than oo
အရိုင်းဟာ စာရေး၊ စာကျက်ရတာထက် ဆိုင်းတွေ၊ ဗုံတွေ တီးရတာ ဝါသနာပါတယ်လို့ ဆိုပါတယ်။ ကျောင်းလွယ်အိတ်ထဲမှာ စာနဲ့ ပတ်သက်တာတွေတောင် မထားခဲ့ဘူးလို့ ပြောပါတယ်။
“ ဦးအရိုင်းဆို အိတ်ထဲမှာ ဗုံတွေမှာကပ်တဲ့ ပတ်စာပဲရှိတယ်။ အဲဒါကို ရွှေတိဂုံဘုရားမှာသွားဝယ်တယ်။ ပြီးရင် အဲဒါကို လွယ်အိတ်ထဲမှာပဲ ထည့်ထားတာ။ အဲဒီလွယ်အိတ်က ကျောင်းစာတွေထည့်တဲ့ လွယ်အိတ်မဟုတ်ဘူး။ စည်းတွေ၊ ဝါးတွေ၊ ပတ်စာတွေပါတယ်။ ပြီးတော့ အနုပညာအသင်းထဲက သော့တွေ အကုန်လုံး လွယ်အိတ်ထဲ ထည့်လာတာ။ ကျောင်းရောက်တာနဲ့ တံခါးဖွင့်ပြီးတော့ ဗုံတွေပဲ လျှောက်တီးနေတော့တာ။ အဲဒီတော့ စာမေးပွဲကျရော” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Me
အရိုင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လာရပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ The Mask Singer အစီအစဉ်မှာ ဆယ်လီ စုံထောက် တစ်ဦးအဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။