Food Court ဆောက်လုပ်ခဲ့မှုကို စုံစစ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နဲ့ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဥပဒေချိုးဖောက်မှုတွေ ပေါ်လွင်ထင်ရှားနေပေမယ့် ပညာရေးဝန်ကြီးဌာနက အပြီးသတ်ရလဒ်ထွက်ပေါ်လာဖို့ အချိန်ကြန့်ကြာအောင် ပြင်ဆင်နေတယ်လို့ သပိတ်မှောက်ကျောင်းသားတွေကပြောပါတယ်။
တက္ကသိုလ်ဝင်းအတွင်း Food Court ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး ညှိနှိုင်းကာလ ကြာမြင့်နေတာကြောင့် ဒီနေ့ ဇန်နဝါရီ (၉) ရက်မှာ သပိတ်မှောက်ပွဲ ပြန်လည်စတင်လိုက်ပြီလို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုဝေယံထက်က Duwun ကိုပြောပါတယ်။
နိုင်ငံတော်သမ္မတညွန်ကြားချက်နဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျုးလွန်တဲ့ မန္တလေးတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်တွေကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ်အလိုမရှိ၊ ပညာရေးဝန်ကြီးဌာနရဲ့ အချိန်ဆွဲဘက်လိုက်ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတတဲ့ အပြီးသတ်စုံစစမ်းစစ်ဆေးရေးရလဒ် အမြန်ဆုံးထုတ်ပေးရေး ဆိုတဲ့ အချက် (၄) ချက်ကို တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ညွှန်ကြားချက်ကို ချိုးဖောက်ပြီး Food Court ဆောက်လုပ်ထားတဲ့အပေါ် မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကစတင်သပိတ်မှောက်ခဲ့ပြီး ကျောင်းအာဏာပိုင်တွေဘက်ကညှိနှိုင်းမှုတွေလုပ်ပေးနေတာကြောင့် ယာယီရပ်နားခဲ့တာဖြစ်ပါတယ်။
ဒီလို ညှိနှိုင်းမှုတွေက သတ်မှတ်ကာလထက်ကြာမြင့်လာတာကြောင့် ဒီနေ့ ဇန်နဝါရီလ (၉) ရက်နေ့မှာ ပြန်လည်သပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သပိတ်မှောက်ကျောင်းသားတွေကပြောပါတယ်။
မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံရှေ့မှာ သပိတ်စခန်းပြန်လည်ဖွင့်လှစ်ထားပြီး ကျောင်းသားတွေဟာ ကျောင်းဝင်းအတွင်း လှည့်လည်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့က သပိတ်ပြန်လည်စတင်ခဲ့တဲ့အချိန်မှာ ကျောင်းပင်မအောက်အဦးတံခါးနဲ့ ပင်မအဆောက်အဦးဝင်ရောက်တဲ့လမ်းတွေကို လုံခြုံရေးအကြောင်းပြပြီး သံကြိုး၊သော့တွေနဲ့ ပိတ်ထားပြီး မည်သူမှ ဝင်ထွက်သွားလာခွင့်မပြုထားတာကို တွေ့ရတယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြောပါတယ်။