တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်စာရင်းများကို သြဂုတ်လလယ်လောက်မှသာထွက်ရှိနိုင်မှာဖြစ်ပြီး ဇွန်လ(၅)ရက်နေ့ကစတင်ကာ အဖြေလွှာတွေကို စစ်တော့မယ်လို့သိရပါတယ်။
စာမေးပွဲဖြေလွှာစစစ်တဲ့ နေ့ကစလို့ အောင်စာရင်းပြုစုတဲ့အချိန်ထိ အချိန်ကာလ (၆၃)ရက်အချိန်ယူပြီးဒီနှစ်မှာတော့ (၅၅)ရက်နဲ့ (၆၀)ရက်ကြားမှာ အပြီးလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုမှ ဖြေလွှာစစ်ဆေးမှုကိုစတင်ဆောင်ရွက်နေတာဖြစ်လို့ အောင်စာရင်းထုတ်ပြန်မယ့်ရက်ကိုတော့ အစိုးရကပဲ တရားဝင်ထုတ်ပြန်မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။
“ တက္ကသိုလ်ဝင်တန်းအောင်စာရင်းထုတ်ပြန်မယ့်ရက်ကို အစိုးရကတရားဝင်ကြေညာပါလိမ့်မယ်။ အခုမှ ဖြေလွှာစစ်ဆေးမှုအပိုင်းတွေစတင်လုပ်ဆောင်မှာဆိုတော့ အချိန်ကာလအားဖြင့် (၂)လကျော်လောက်ကြာပါတယ်။ အားလုံးစစ်ဆေးပြီးရင်တောင် အထက်ကတာဝန်ရှိသူတွေပြန်လည် စိစစ်တာနဲ့ အောက်ကိုပြန်လည်ညွှန်ကြားတာနဲ့ဆို ဆရာတို့ခန့်မှန်းခြေအရဆိုရင်တော့ သြဂုတ်လလယ်လောက်မှထွက်နိုင်မှာပါ” လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။
စာစစ်ကဏ္ဍအပိုင်းမှာတော့ ယခင်နှစ်တွေကအတိုင်း ဆရာ၊ဆရာမအင်အားကို ပုံမှန်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၉-၂၀၂၀ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို မတ်လ(၁၁)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ (၇)သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်တွေကို ဇွန်လအတွင်းမှာ ထွက်ရှိလေ့ရှိပြီး COVID -19ကပ်ရောဂါကြောင့် ဒီနှစ်မှာ အခြေခံကျောင်းတွေလည်း ဖွင့်ရက်နောက်ကျခဲ့သလို တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ရှိတဲ့ရက်ပါ နောက်ကျခဲ့တာဖြစ်ပါတယ်။