တက္ကသိုလ်အောင်စာရင်းထွက်မယ့် သြဂုတ်လ (၉) ရက်ကနေ (၁၁) ရက်နေ့အထိသုံးရက်အတွင်း ဘားအံက တောင်တွေမှာ လုံခြုံရေးတင်းကြပ်သွားမယ်လို့သိရပါတယ်။
ဇွဲကပင်တောင်၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်တို့မှာ ရဲတပ်ဖွဲ့၊ မီးသတ်၊ကြက်ခြေနီ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေက စောင့်ကြည့်သွားမှာဖြစ်ပြီး လူနာတင်ယာဉ်ပါ အရံသင့်ထားထားမယ်လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က Duwun ကို ပြောပါတယ်။
“ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့မှာ လူငယ်တွေက အပျော်လွန်ကြတာရှိတယ်။ စိတ်ညစ်စရာတွေလည်းရှိကောင်းရှိနိုင်တယ်။ဘာပဲဖြစ်ဖြစ် ဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ” လို့ အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ဆိုပါတယ်။
အဲဒီရက်တွေမှာ တောင်ပေါ်မှာ လူဝင်လူထွက် ကြပ်မတ်စစ်ဆေးတာအပြင်း ထူးခြားဖြစ်စဉ်၊မသင်္ကာဖြစ်စဉ်တွေ တွေ့ရှိခဲ့ရင် ချက်ချင်းတုံ့ပြန့်ဆောင်ရွက်နိုင်အောင်လည်း စီစဉ်ထားတယ်လို့သိရပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ချိန်မှာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ မဖြစ်ပွားအောင် လုံခြုံရေးကြပ်မတ်ဆောင်ရွက်ရတာဖြစ်ပြီး တောင်တွေကို လာရောက်လည်ပတ်ခြင်းမပြုဖို့ တားမြစ်ထားတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ဇွဲကပင်တောင်ပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းပိုင်းလောက်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦး တောင်ပေါ်ကနေ ခုန်ချသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တောင်ပေါ်ကို တစ်ဦးတည်း တက်ရောင်ခွင့်မပြုဖို့ ညွန်ကြားထားတယ်လို့လည်း သိရပါတယ်။