ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်းကျရှုံးပေမဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူ ၅ သိန်းခွဲခန့်ကို အထက်တန်းပြီးမြောက်ခြင်းလက်မှတ်ထုတ်ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။
အထက်တန်းပြီးမြောက်ခြင်းလက်မှတ်ထုတ်ပေးနိုင်ဖို့ သတ်မှတ်ချက် (၇) ချက်ရှိပြီး ကျောင်းတွင်းစစ်စာမေးပွဲတွေမှာ အဆင့်ပြည့်မီတာ၊ကျောင်းတက်မှန်တာ၊ ပြစ်မှုကင်းတာ စတဲ့အချက်တွေပေါ်မူတည်ပြီး လက်မှတ် ထုတ်ပေးမယ်လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
“ ကျရှုံးသူတိုင်း ရမှာမဟုတ်ပါဘူး။ ပြင်ပဖြေတွေ မရပါဘူး။ ကျောင်းတွင်းဖြေပေမယ့် သတ်မှတ်ချက်နဲ့ မကိုက်ညီရင်မရပါဘူး။ အခုတော့ လက်မှတ်ထုတ်ပေးဖို့ ကျောင်းသား ၅ သိန်းခွဲလောက် လျာထားပါတယ်။ ကျောင်းအလိုက် အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင်အချိန်အတွင်းမှာပဲ ထုတ်ပေးနိုင်တာ့မှာပါ။”လို့ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။
အထက်တန်းပြီးမြောက်ခြင်းလက်မှတ်ထုတ်ပေးခြင်းကို ဒီနှစ်ကစတင်သွားမှာဖြစ်ပါတယ်။
နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၃၀ ရာခိုင်နှုန်းခန့်သာ အောင်မြင်သူရှိပြီး ကျရှုံးသူ ၇၀ ရာခိုင်နှုန်းမှာလည်း အခွင့်အလမ်းမဆုံးရှုံးစေရအောင် ရည်ရွယ်တယ်လို့လည်းသိရပါတယ်။
အဆိုပါ အထက်တန်းပြီးမြောက်ကြောင်းလက်မှတ်ကိုလည်း လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်တွေဘက်ကလည်း လက်ခံပေးဖို့လိုကြောင်း၊တချို့ ပညာသင်ကျောင်းတွေမှာလည်း ဒီလက်မှတ်နဲ့ တက်ရောက်ခွင့်ပြုနိုင်ဖို့လိုကြောင်း အခြေခံပညာဦးစီးဌာနဒုညွန်ချုပ် ဒေါက်တာတင်မောင်ဝင်းကလည်း Duwun ကိုပြောပါတယ်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ဒီကနေ့မှာ အွန်လိုင်းကတစ်ဆင့် ထုတ်ပြန်ကြေညာပေးခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ ၉၁၀,၂၂၉ ဦးရှိခဲ့ရာ အောင်မြင်သူ၂၉၁,၇၉၈ ဦးရှိတာကြောင့် အောင်ချက်ရာခိုင်နှုန်း ၃၂.၀၆ ရာခိုင်နှုန်းရှိတယ်လို့လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနစာရင်းတွေအရသိရပါတယ်။