အမေရိကန်-မက္ကစီကို နယ်စပ်အနီးရှိ Walmart စတိုးဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ဈေးဝယ်သူတွေနဲ့ ပြည့်နှက်နေတဲ့ Walmart စတိုးဆိုင်တစ်ဆိုင်မှာ သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၂၂ သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(ပစ်ခတ်မှုဖြစ်ပွားရာနေရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ) (Photo: AFP/Getty Images)

ဒေသစံတော်ချိန် သြဂုတ် ၃ ရက်နေ့က တက္ကဆက်ပြည်နယ် အယ်လ်ပါဆို (El Paso) မြို့ရှိ Walmart စတိုးဆိုင်မှာ ချေမှုန်းရေးရိုင်ဖက်တစ်လက် ကိုင်ဆောင်ထားတဲ့ သေနတ်သမားက ပစ်ခတ်ခဲ့တာဖြစ်ပြီး အမေရိကန်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ လူအစုလိုက်အပြုံလိုက်ကို သေနတ်ဖြင့် အကြမ်းဖက်မှုလည်း ဖြစ်လာပါတယ်။ ပစ်ခတ်မှုဟာ မိနစ် ၂၀ မျှကြာခဲ့တယ်လို့ ဆိုပါတယ်။



ထိုနေ့မနက် ဒေသစံတော်ချိန် ၁၀ နာရီ ၃၉ မိနစ်မှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲပြီးနောက် ရဲတပ်ဖွဲ့က ခြောက်မိနစ်တွင်း အခင်းဖြစ်နေရာကို ရောက်ရှိခဲ့ကြကြောင်း အယ်လ်ပါဆို ရဲတပ်ဖွဲ့အကြီးအကဲ ဂရတ်ဂျ်အယ်လန် (Greg Allen) က ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ တက္ကဆက်ပြည်နယ်သမိုင်းမှာ လူသေဆုံးမှု အများဆုံးနေ့တွေအနက် တစ်နေ့ဖြစ်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရတ်ဂျ်အက်ဘော့ (Greg Abbott) က ပြောခဲ့ပါတယ်။

(သေနတ်သမားကို ဖမ်းဆီးထားစဉ်) (Photo: Twitter/Daily Mail)

လူအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ Walmart စတိုးဆိုင်ဟာ အမေရိကန်-မက္ကစီကို နယ်စပ်မှ မိုင်အနည်းငယ်မျှအကွာ Cielo Vista Mall ဈေးဝယ်စင်တာအနီးမှာ တည်ရှိကြောင်းသိရပါတယ်။ ပစ်ခတ်မှုအတွင်း မက္ကစီကိုနိုင်ငံသားသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ မက္ကစီကိုသမ္မတ အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။

တစ်ကိုယ်တော် သေနတ်သမားဖြစ်ကြောင်း ယုံကြည်ရတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သံသယအဖြစ် သံသယရှိသူရဲ့ အမည်ဟာ ပက်ထရစ် ခရူစီးယပ်စ် (Patrick Crusius) ဖြစ်ပြီး ၎င်းဟာ အယ်လ်ပက်ဆိုမြို့ အရှေ့ဘက် မိုင် ၆၅၀ ခန့်အကွာ ဒါးလက်ဧရိယာရှိ အယ်လန်မြို့ (Allen) မှ ဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေကဖော်ပြထားပါတယ်။

(CCTV မှတ်တမ်းမှာတွေ့ရသည့် သေနတ်သမား) (Photo: Daily Mail)

၎င်းက တက္ကဆက်ပြည်နယ်အတွင်း စပိန်ဘာသာစကားပြော လက်တင်အမေရိကနိုင်ငံသားတွေ ပြောင်းရွှေ့အခြေချလာခြင်းကို တုံ့ပြန်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ CCTV မှတ်တမ်းပုံရိပ်တွေအရ အနက်ရောင် တီရှပ်ဝတ်ဆင်ထားပြီး နားကြပ်တပ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးက AK-47 ချေမှုန်းရေး ရိုင်ဖယ်သေနတ်ကို ဝှေ့ရမ်းပစ်ခတ်နေခဲ့တာ တွေ့ရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားစဉ် Walmart စတိုးဆိုင်ထဲမှာ ဈေးဝယ်သူ ၁,၀၀၀ မှ ၃,၀၀၀ အထိရှိနေခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။

ယခု ပစ်ခတ်မှုဟာ အမေရိကန်ရှိ Walmart စတိုးဆိုင်တစ်ဆိုင်မှာ တစ်ပတ်မပြည်မီအတွင်း ဒုတိယအကြိမ် ဖြစ်ပွားခဲတဲ့ ပစ်ခတ်မှုလည်းဖြစ်ပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှုခံယူနေရသူတွေဟာ အသက်နှစ်နှစ်မှ ၈၂ နှစ်ကြားရှိသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

(Photo: AP)

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ Gilroy Garlic Festival အစားအစာပွဲတော်မှာ အသက် ၁၉ နှစ်အရွယ် သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် ခြောက်နှစ်သား ကလေးငယ်နဲ့ သေနတ်သမား အပါအဝင် လူလေးဦး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်မှာ သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တဲ့ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါတယ်။ ကနဦးမှာတော့ သေနတ်သမားကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC, Daily Mail, AFP, CBS

Share

Loading Next Article...
က္က