၂၀၂၄ နှစ်ဝက်မှာ စက်ရုံလည်ပတ်ဖို့ ရှိပါတယ်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ အဆင့်မြင့် chip ထုတ်လုပ်တဲ့စက်ရုံသစ်တစ်ခု တည်ထောင်သွားမယ်လို့ Samsung က တရားဝင်ကြေညာလိုက်ပါတယ်။ 

The Wall Street Journal မှာ ဒီစက်ရုံဟာ ခန့်မှန်းခြေ ဒေါ်လာ ၁၇ ဘီလျံခန့် အကုန်အကျခံ တည်ဆောက်သွားမှာ ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၁၈၀၀ ကို ဖန်တီးပေးနိုင်မယ်လို့ ဖော်ပြထားပါတယ်။ စက်ရုံသစ်ဟာ လက်ရှိ Samsung စက်ရုံတည်ရှိရာ အော်စတင်ကနေ မိုင် ၃၀ ခန့် ဝေးတဲ့ Taylor မြို့မှာ တည်ရှိမှာလည်း ဖြစ်ပါတယ်။ မြေဧက ၁၂၀၀ ခန့် အကျယ်ပေါ်မှာ တည်ဆောက်မှာ ဖြစ်လို့ အော်စတင်စက်ရုံထက် ပိုကြီးမားမှာ ဖြစ်ပါတယ်။ 



အော်စတင်မှ Samsung Semiconductor စက်ရုံ (Photo: The Verge)

"တက္ကဆက်ပြည်နယ်မှာ ရင်းနှီးမြှပ်နှံဖူးသမျှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေထဲမှာ ဒါက အကြီးဆုံးရင်းနှီးမြှပ်နှံမှုပါပဲ"လို့ တက္ကဆက်ပြည်နယ်အစိုးရ ဂရက်အက်ဘော့က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ 

Samsung အနေနဲ့ တက္ကဆက်မှာ အခုလို ရင်းနှီးမြှပ်နှံဖြစ်တဲ့အထဲမှာ Taylor မြို့မှာ တည်မယ့်စက်ရုံအတွက် ပထမ ၁၀ နှစ်အတွင်း အခွန် ၉၀% ကျော် ကင်းလွတ်ခွင့်ရတဲ့အချက်လည်း ပါဝင်ပါတယ်။ အမေရိကန်မှာ ကုမ္ပဏီရဲ့အကြီးဆုံးရင်းနှီးမြှပ်နှံမှု ဖြစ်လာမယ့် တက္ကဆက်ပရောဂျက်ကနေ 5G မိုဘိုင်းဆက်သွယ်ရေးအတွက် သုံးနိုင်မယ့် နည်းပညာမြင့် Chips ထုတ်လုပ်ရေးအပြင် အဆင့်မြင့် Computing နဲ့ AI ထုတ်ကုန်ဆိုင်ရာ Chips တွေပါ အရှိန်မြှင့် ထုတ်လုပ်သွားဖို့ ရှိပါတယ်။ 

၂၀၂၂ ခုနှစ်မှာ ဆောက်လုပ်ရေးစတင်ပြီး လာမယ့် ၂၀၂၄ ခုနှစ် နှစ်လယ်မှာ ထုတ်လုပ်မှု စတင်နိုင်ဖို့ မျှော်လင့်ထားတဲ့ ဒီစက်ရုံဟာ နောက် ၃ နှစ်အတွင်း ဒေါ်လာ ၂၀၅ ဘီလျံ ရင်းနှီးမြှပ်နှံမှု ရံပုံငွေအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတလွှားမှာ စမတ်ဖုန်း ၊ ကားနဲ့ တခြား အီလက်ထရွန်းနစ်ထုတ်ကုန်တွေမှာ အသုံးပြုနေတဲ့ Chip ပြတ်လပ်မှုကြုံတွေ့နေချိန်မှာ Samsung က chip စက်ရုံသစ် တည်မယ့်အစီအစဉ်ကို ကြေညာလိုက်တာပါ။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အိမ်ကနေ အလုပ်လုပ်လာရခြင်းနဲ့ အွန်လိုင်းမှာ လုပ်သမျှအားလုံး ကို Data Center တွေပေါ်မှာ သိမ်းထားခြင်းတွေကြောင့် chip လိုအပ်ချက်ဟာ မြင့်တက်လာနေပါတယ်။ Samsung ဟာ စမတ်ဖုန်း ၊ TV နဲ့ အိမ်သုံးအီလက်ထရွန်းနစ်ထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချတဲ့အပြင် အင်အားကြီးတဲ့ memory chip စီးပွားရေးလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က