မနေ့ညက ကစားခဲ့တဲ့ တူးလော့စ်နဲ့ နိုက်စ်တို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ ကွင်းလယ်လူ ရမ်ဆေးက အသင်းသစ်အတွက် ပထမဆုံးလူစားဝင်လာပြီးနောက် တမိနစ်အကြာမှာပဲ သရေကျစေမယ့် သွင်းဂိုးတဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာတော့ တဖက်တဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
အိမ်ရှင်တူးလော့စ်ဟာ ပွဲကစားချိန် မိနစ် (၂၀) တည်းက ဒါလင်ဂါရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်း (၇၇) မိနစ်မှာတော့ ရမ်ဆေးက နိုက်စ်အတွက် လူစားဝင်ကစားခဲ့ပါတယ်။ ရမ်ဆေးဟာ လူစားဝင်လာပြီးနောက် တမိနစ်အကြာမှာပဲ နိုက်စ်အတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ရမ်ဆေးရဲ့ဂိုးကြောင့်ပဲ နိုက်စ်တို့ ရာသီအဖွင့် ပြင်သစ်လီဂူးပွဲမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ရမယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ရမ်ဆေးဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် နိုက်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် အခုလိုပဲ အသင်းသစ်နဲ့ ပြင်သစ်လီဂူးပွဲဦးထွက်မှာ လူစားဝင်လာပြီး တမိနစ်နဲ့ အဖိုးတန်ချေပဂိုးသွင်းယူပေးကာ အသင်းကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရမ်ဆေး ဂိုးသွင်းတိုင်း ကမ္ဘာပေါ်က နာမည်ကျော်တယောက်မဟုတ်တယောက် ကွယ်လွန်လေ့ရှိပြီး အခု ဒီသွင်းဂိုးကြောင့်လည်း ကမ္ဘာတဝန်းက နာမည်ကြီးတွေ ထိတ်လန့်နေရပြီလို့ ပရိသတ်အချို့က နောက်ပြောင်နေပါတယ်။
ရမ်ဆေးဂိုးသွင်းတိုင်း ဒါမျိုးဖြစ်လေ့ရှိပြီး ဒါဟာ ဘောလုံးလောကနဲ့ ကမ္ဘာကြီးအကြားက မမျှော်လင့်ထားတဲ့ တိုက်ဆိုင်မှုတခုအဖြစ်လည်း နာမည်ကျော်ကြားခဲ့ပါတယ်။ မနေ့ကပွဲမှာတော့ လက်စတာကနေ နိုက်စ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား ကက်စပါရှမိုက်ကယ်လည်း အရံလူစာရင်းမှာ ပါဝင်လာခဲ့ပြီး လာမယ့်ပွဲတွေမှာ ပွဲထွက်ခွင့်ရရှိနိုင်ပါတယ်။