အသင်းရဲ့အနေအထားကို ကွန်တီကပြောပြခဲ့တာပါ။

စပါးနည်းပြ ကွန်တီက သူ့အသင်းကြုံတွေ့နေရတဲ့ ပြဿနာကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နည်းပြမှ ဖြေရှင်းနိုင်မှာမဟုတ်တဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၀) နိုဝင်ဘာမှာ ကွန်တီက စပါးနည်းပြဖြစ်လာခဲ့ပြီး သူနဲ့အတူ စပါးအောင်မြင်မှုရဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။



ဒါပေမယ့် ကွန်တီကိုယ်တိုင်က စပါးရဲ့ အနေအထားအပေါ် စိတ်ပျက်နေပြီး ဆုဖလားတွေရဖို့က မျှော်လင့်ထားတာထက် ပိုမိုခက်ခဲကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မကြာခင်ကလည်း စပါးရဲ့ ရလဒ်ဆိုးတွေက သူ့ကြောင့်လို့ ယူဆတယ်ဆိုရင် အသင်းကနေ ထွက်သွားမယ်လို့လည်း ပြောခဲ့ပါသေးတယ်။

စပါးဟာ လာမယ့် တနင်္လာမှာ အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ကွန်တီက “ကျနော် ဒါကို အသင်းကို စရောက်တဲ့ ပထမဆုံးနေ့တည်းက ပြောခဲ့ပါတယ်။ စပါးရဲ့ သမိုင်းကြောင်းက ဒီလိုမျိုး နိမ့်မြင့်တက်ကျတွေရှိနေတယ်ဆိုတာကိုပေါ့။ ဆုဖလားတခုယူဖို့ဆိုရင် သန်မာတဲ့အသင်းတသင်းကို အရင်လိုအပ်ပါတယ်”

“တည်ငြိမ်ဖို့လည်း လိုအပ်ပြီး နိမ့်မြင့်တက်ကျတွေကို ရှောင်လွှဲနိုင်ရပါမယ်။ ဒါကိုလုပ်နိုင်ဖို့၊ နှစ်ပေါင်းများစွာကြာအောင် အခုလိုဖြစ်နေတဲ့ အနေအထားကို ပြောင်းလဲနိုင်ဖို့ဆိုတာ မရိုးရှင်းပါဘူး။ ဒါက အချိန်တိုအတွင်း ဖြစ်လာနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး”

“ကျနော့် တယောက်တည်းအတွက်တင်မကပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နည်းပြ၊ ဘယ်မန်နေဂျာကမှ ဒီအခြေအနေကို တစက္ကန့်အတွင်း ပြောင်းလဲနိုင်မယ်လို့ ကျနော်မထင်ပါဘူး။ အထူးသဖြင့် ဒီလိုအနေအထားမျိုးနဲ့ နှစ်ပေါင်း (၂၀) လောက် ဖြတ်သန်းလာတဲ့အသင်းမျိုးမှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

စပါးဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူနိုက်တက်၊ အာဆင်နယ်၊ ဝက်စ်ဟမ်းတို့နဲ့အပြိုင်ဖြစ်နေပါတယ်။ ဒါပေမယ့် အသင်းရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှု များပြားလွန်းတာက ကွန်တီအတွက် စိတ်ပျက်စရာဖြစ်နေပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်တော့ အခုအခြေအနေနဲ့ အများကြီးမျှော်လင့်ထားလို့ မရသေးပါဘူး။  

Share

က္က