တက္ကသိုလ်ဝင်ခွင့်များရွေးချယ်ရာမှာ အခြေခံပညာအထက်တန်း စာမေးပွဲရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်းမဟုတ် တက္ကသိုလ်ရဲ့ ပဋိညာဉ်စာတမ်းနဲ့အညီ စိစစ်ရွေးချယ်တဲ့စနစ်ကို ပြောင်းလဲ လုပ်ဆောင်နေတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
Photo - ANU
ကျိုက်မရော မဲဆန္ဒနယ်က ဦးစောကျော်ဝင်းမောင်က အခြေခံပညာ (၁၀) တန်းစာမေးပွဲရမှတ်နဲ့ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ခြင်းကြောင့် ကျောင်းသားတွေရဲ့လက်တွေ့ဘဝဖွံ့ဖြိုးမှုကို ထိခိုက်နေခြင်းအပေါ် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။
ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက"အမျိုးသားပညာရေးဥပဒေ အခန်း(၃) ပုဒ်မ ၄ တွင် တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့်ဘာသာရပ်နှင့်တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲ ရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်းမဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီ စိစစ်ရွေးချယ်သည့်စနစ်ထားရှိရေးဟု ပြဋ္ဌာန်းပြီးဖြစ်သဖြင့် အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။"လို့ ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဗြိတိန်နိုင်ငံ Open University နဲ့ ပူးပေါင်းပြီး လုပ်ငန်းခွင်ဝင်ရောက်မှုနဲ့ ပိုမိုဆက်နွှယ်ဆက်စပ်မှုရှိတဲ့ ပညာရပ်နယ်ပယ်တွေကို အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်အောင်မြင်တဲ့သူတွေ သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိနိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ ပညာရေးဝန်ကြီးက ဆိုပါတယ်။
လက်ရှိ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးမူကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က နှစ်စဉ်ထုတ်ဝေနေတဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အရလည်းကောင်း၊ တက္ကသိုလ်ဝင်ခွင့်စနစ် ပြုပြင်ပြောင်းလဲမှုအရ အချို့တက္ကသိုလ်များက သတ်မှတ်ချက်နှင့်အညီ ဝင်ခွင့်စစ်ဆေး၍လည်းကောင်း၊ အချို့အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များက ဝေးလံခက်ခဲတဲ့ဒေသတွေအတွက် ကျား၊ မ အချိုးညီမျှမှုအတွက် Quota စနစ်နဲ့ သတ်မှတ်ရွေးချယ်ပေးနေတယ်လို့လည်း သူကပြောပါတယ်။