၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့စာရင်းပေးထားသူ ကိုးသိန်းနီးပါးရှိတဲ့အနက် မြန်မာစာဖြေဆိုသည့်နေ့မှာ ပျက်ကွက်သူ လေးသောင်း ခြောက်ထောင်ကျော်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက နေသိရပါတယ်။
မြန်မာစာဖြေဆိုသည့်နေ့ မြင်ကွင်းများ
ဖြေဆိုဖို့စာရင်းပေးထားသူ ၈၉၇၉၉၄ ဦးရှိခဲ့ပြီးအမှန်တကယ်လာရောက် ဖြေဆိုသူမှာ ၈၅၁၅၇၀ ဦးရှိခဲ့တာကြောင့် ပျက်ကွက်သူမှာ ၄၆၄၂၄ ဦးရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းဇယားတွေအရသိရပါတယ်။
ဖြေဆိုသူအနည်းဆုံးဒေသမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းဖြစ်ပြီး ဖြေဆိုသူ ၅၀၀၈ ဦးသာရှိခဲ့တယ်လို့ အချက်အလက်တွေအရသိရပါတယ်။ ဖြေဆိုသူအများဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ဖြေဆိုသူ ဦးရေ ၁၂၁၇၅၉ ဦးအထိရှိခဲ့တယ်လို့ အချက်အလက်တွေ အရသိရပါတယ်။ နိုင်ငံခြားစာစစ်ဌာနမှာ ဖြေဆိုသူ ၁၇၃ ဦးရှိခဲ့ပြီး ပျက်ကွက်သူ တစ်ဦးမှမရှိခဲ့ဘူးလို့ ဆိုပါတယ်။မြန်မာစာဖြေဆိုသည့်နေ့ မြင်ကွင်းများ
အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်က စတင်ကျင်းပခဲ့ပြီး စတင်ဖြေဆိုတဲ့ မြန်မာစာဘာသာရပ်မေးခွန်းမှာ ပြင်ပဗဟုသတတွေ ထည့်သွင်းမေးထားပေမယ့် အများစုကတော့ ဖြေဆိုနိုင်ကြတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိ တစ်နိုင်ငံလုံးမှာစာစစ်ဌာနပေါင်း ၁၈၈၆ ခု ဖွင့်လှစ် ဖြေဆိုထားတယ်လို့ သိရပါတယ်။