ကျောင်းသားမိဘတွေက သူတို့ရဲ့ ကလေးစာမေးပွဲအတွက် လာရောက်ဆုတောင်းကြတာပါ။

မတ်လ ၆ ရက်မှာ စတင်ကျင်းပမယ့်တက္ကသိုလ်ဝင်စာမေးပွဲအတွက် နတ်နန်းတွေမှာ ကန်တောပွဲပေးသူတွေ အရင်နှစ်ကထက်ပိုပြီးများပြားနေတယ်လို့ ဗိုလ်တစ်ထောင်ဘုရားရှိ ကန်တော့ပွဲ ရောင်းသူတွေထံကနေ သိရပါတယ်။

အစ်မတော်မြနန်းနွယ်နတ်နန်းတွင် ကန်တော့ပွဲပေးပြီးလာရောက်ဆုတောင်းစဉ်။

ကျောင်းသားမိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေ စာမေးပွဲကို အဆင်ပြေပြေ ဖြေဆိုနိုင်ဖို့ အတွက် ဗိုလ်တစ်ထောင်ဘုရားဝင်းအတွင်းရှိ အစ်မတော်မြနန်းနွယ် နတ်နန်း၊ ဗိုလ်တစ်ထောင် ဘိုးဘိုးကြီး နတ်နန်းတို့မှာ ကန်တော့ပွဲပေးပြီး ဆုတောင်းအဓိဌာန်ပြုသူတွေနဲ့ စည်ကားနေတာဖြစ်ပါတယ်။

“ စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီး အစ်မတော်ဆီ အမြဲပွဲလာကပ်ပါတယ်။ ဒီနှစ်တော့ သားလေး ဆယ်တန်းစာမေးပွဲအတွက်ကို အစ်မတော်ကို လာအပ်ပါတယ်။ သားလေးခုံနံပတ်နဲ့ နာမည်နဲ့ ဖြေမယ့်ကျောင်းနဲ့ ဆုတောင်းပြီး အစ်မတော်ကို အပ်ပေးလိုက်တယ်။ အစ်မတော်ကို အပ်လိုက်တဲ့အတွက် သားလေး ရှောရှောရှုရှု အောင်မယ်လို့လည်း အမတို့ ယုံကြည့်ထားပါတယ်။” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ လာရောက်ကန်တော့ပွဲ ကပ်လှူသူ မိဘတစ်ဦးက Duwun ကိုပြောပါတယ်။

အစ်မတော်မြနန်းနွယ်နတ်နန်းတွင် ကန်တော့ပွဲပေးပြီးလာရောက်ဆုတောင်းစဉ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်ဖို့အတွက် သန်လျင်မြို့နယ်ကနေ လာရောက် ပွဲပေးသူ ကျောင်းသားမိဘတစ်ဦးကတော့ “ သမီးတွေ စာမေးပွဲအတွက် အစ်မတော် မြနန်းနွယ်မှာ အမြဲတမ်းတိုင်တည်နေကြပါ။ မလာရင်ရင် ရင်ထဲမှာတစ်မျိုးဖြစ်နေတယ်။ ဒီကိုလာလိုက်ရမှ စိတ်ထဲကို အေးချမ်းသွားပါတယ်။ သမီးနဲ့ တူလေး စာမေးပွဲအတွက် ပွဲလာပေးပြီး ဆုတောင်းပေးခဲ့ပါတယ်။” လို့ သန်လျင်မြို့နယ်နေ ဒေါ်ဝင်းဝင်းသန်းက Duwun ကိုပြောပါတယ်။

ဗိုလ်တစ်ထောင်ဘုရားဝင်းအတွင်းမှာ ကန်တော့ပွဲ ရောင်းချတဲ့ ဆိုင်ပေါင်း ၈ ဆိုင်ခန့်ရှိပြီး အလှည့်ကျစနစ်နဲ့ ရောင်းချနေတယ်လို့လည်းသိရပါတယ်။ကန်တော့ပွဲ အမျိုးအစား ၆ မျိုးရှိပြီး အနည်းဆုံး ကန်တော့ပွဲတစ်ခု ကျပ် သုံးထောင်ကနေ တစ်သောင်းရှစ်ထောင် ကျပ်အထိ ရှိတယ်လို့လည်း မလှစောပွဲဆိုင်မှ သိရပါတယ်။

“ မဖြေခင်မှာ လာပြီးအဓိဌာန်ကြတယ်။ အောင်ပြီးသွားရင်လည်း အောင်ပွဲအနေနဲ့ လာပြီး ပွဲပေးကြပါတယ်။ အများဆုံးကတော့ အစ်မတော်မြနန်းနွယ်နဲ့ ဘိုးဘိုးကြီး နတ်နန်းတို့ဆီ လာရောက်ဆုတောင်းကြတာများပါတယ်။ ၂ လပိုင်းအစတည်းက လာနေကြပြီ။ ခုံနံပတ်တွေသိပြီစတာနဲ့ လာပြီးအဓိဌာန်နေကြပြီ။ မဖြေခင် တစ်ရက်အလို အထိ လာကြပါတယ်။ ဒီနှစ်ကတော့ အရင်နှစ်ထက် ရောင်းအားနည်းနည်းလေးပိုကောင်းတယ်။ “ လို့ မလှစောပွဲဆိုင်မှ ဆိုင်ဝန်ထမ်းရဲကျော်ပိုင်က Duwun ကိုပြောပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဖြေဆိုမယ့်သူ ကိုးသိန်းနီးပါးခန့်ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နေသိရပါတယ်။

Share

Loading Next Article...
က္က