ပြင်သစ်လီဂူးအဖွင့်ပွဲမှာတော့ ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ ကလဲယာမောင့်ကို ၅ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ ပြင်သစ်စူပါဖလားကို ဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီဟာ နေမာ၊ ဟာကီမီ၊ မာကွင်ဟို့စ်၊ မက်ဆီ (၂) ဂိုးတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အဖွင့်လှခဲ့သလို မက်ဆီကလည်း ၂ ဂိုးအထိသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး သွင်းဂိုးတဂိုးကတော့ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာကတည်းက ၃ ဂိုးပြတ်အနိုင်ရနေခဲ့တဲ့ ပီအက်စ်ဂျီတို့ ပွဲကိုသက်တောင့်သက်သာကစားနိုင်ခဲ့ပြီး မိနစ် ၈၀ မှာ မက်ဆီက စတုတ္ထမြောက်ဂိုးသွင်းယူခဲ့ပြီး ၆ မိနစ်အကြာမှာ နောက်တဂိုးသွင်းယူခဲ့ပါတယ်။ အဆိုပါဂိုးအတွက် ကွင်းလယ်လူပရီဒက်စ်က မက်ဆီကို တိတိကျကျဖန်တီးပေးနိုင်ခဲ့ပြီး မက်ဆီက ရင်ဘတ်နဲ့တချက်ထိန်းကာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
ဒီဂိုးသွင်းယူပြီးချိန်မှာတော့ ပီအက်စ်ဂျီပရိသတ်တွေက မက်ဆီရဲ့ နာမည်ကို အော်ဟစ်ကာ အားပေးခဲ့ကြတာက ကြက်သီးထဖွယ်ရာတောင် ကောင်းနေခဲ့ပါတယ်။ တော်တော်လေးလှပတဲ့ သွင်းဂိုးဖြစ်ပြီး ပရီဒက်စ်ရဲ့ ပေးပို့ပုံတိကျမှု၊ မက်ဆီရဲ့ ရင်ဘတ်နဲ့ တချက်ထိန်းပြီး နောက်ပြန်ကန်ချက်နဲ့ ကန်သွင်းပုံ ကောင်းမွန်မှုကြောင့် အဆင့်အတန်းမြင့်သွင်းဂိုးတဂိုးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
မက်ဆီကတော့ ရာသီအစမှာပဲ ခြေစွမ်းပြနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမပြနိုင်မှုတွေကို ခဝါချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်စူပါဖလားပွဲမှာလည်း ခြေစွမ်းပြခဲ့သလို လီဂူးအဖွင့်ပွဲမှာလည်း ခြေစွမ်းပြခဲ့လို့ ဒီရာသီက မက်ဆီရဲ့ ဘောလုံးရာသီဖြစ်လတော့မလားဆိုတာ စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ပြန်ရင်ဆိုင်ခဲ့ရတဲ့ မက်ဆီက အခုတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေခဲ့ပြီး နေမာနဲ့လည်း အတွဲအဖက်ကောင်းကောင်းမိနေကာ သူတို့နှစ်ဦးစလုံး ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်နေတာဖြစ်ပါတယ်။