In partnership with  logo
လူသိများကျော်ကြားတာက အောင်မြင်မှုမဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ ကိုယ်ကိုယ်တိုင် ခံစားရတဲ့ အရာပါ။

ဒီဘက်ခေတ်မှာ အောင်မြင်မှု၊ အောင်မြင်မှု ဆိုတဲ့ စကားကို ထပ်တလဲလဲသုံးနေကြပါတယ်။ တကယ့်အစစ်အမှန်အောင်မြင်မှုဆိုတာ ဘာလဲဆိုတာကို သိပ်ထွေထွေထူးထူး စဉ်းစားမနေတတ်ကြပါဘူး။ လူသိများပြီး ပေါ်ပြုလာဖြစ်နေတာကို အောင်မြင်တယ်လို့ ထင်နေကြတာပါ။ လူသိများတာက အောင်မြင်မှုမဟုတ်ပါဘူး။ အောင်မြင်မှုအသီးအပွင့်လို့ခေါ်တဲ့အရာက သပ်သပ်ရှိပါတယ်။ လူသိများတိုင်း လူတွေက အားကျနေကြတာမဟုတ်ပါဘူး။ လူသိများနေတဲ့ဘဝက တစ်မျိုး တကယ် ကိုယ်ကိုယ်တိုင် ဖြစ်နေတာက တစ်မျိုးဆိုရင် အဲဒါအောင်မြင်မှုလို့ ကိုယ်ကိုယ်တိုင် ခံစားရမှာမဟုတ်ပါဘူး။

ကိုယ်ကိုယ်တိုင် တကယ်ခံစားရမယ့် အောင်မြင်မှုအစစ်အမှန်ကဘာလဲ။

ကိုယ်ဖြစ်ချင်နေတာ အားလုံး ရနေတာ

ကိုယ်ဖြစ်ချင်နေတာတွေ ဖြစ်နေတာကိုမှ အောင်မြင်တယ်လို့ခေါ်တာပါ။ လူသိများနေပြီး ကိုယ်တကယ်ဖြစ်ချင်တာတွေ မဖြစ်ဘဲ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရင်တော့ အောင်မြင်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ တကယ့်အောင်မြင်မှုအစစ်အမှန်ကို ကိုယ်ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်နိုင်တာကို ခေါ်ပါတယ်။ ကိုယ်လိုချင်တာကို ၊ ကိုယ်ဖြစ်ချင်တာကို ရအောင် ယူနိုင်လုပ်နိုင်မှသာ အောင်မြင်တာပါ။ ဒီတော့ အောင်မြင်ချင်တယ်ဆိုရင် ကိုယ်ဖြစ်ချင်တာတွေ လိုချင်တာတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

ကျေနပ်နေတဲ့ ခံစားမှု

လူတွေအမြင်မှာ အောင်မြင်နေသလိုပုံစံမျိုးနဲ့ ရပ်တည်နေပေမယ့် တကယ့်တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုမရှိဘူးဆိုရင်တော့ ဒါဟာ အောင်မြင်တယ်လို့ မခေါ်နိုင်ပါဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကျေနပ်နေမှသာ ဘဝက အောင်မြင်တယ်လို့ ယူဆနိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် မြည်တွန်တောက်တီးနေပြီး လူရှေ့အောင်မြင်ပြနေရင် ဒါက အတုအယောင်အောင်မြင်မှုတွေ ဖန်တီးထားတာပဲဖြစ်နေမှာပါ။ လုပ်ရပ်တိုင်းက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေစေဖို့ လိုအပ်ပါတယ်။

ဖေ့ဘွတ်ပေါ်မှာ ဖတ်ညွှန်းတွေရေးရင် ပရိသတ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ သုတေးစစ်ကလည်း သူ့ရဲ့ အောင်မြင်မှုအစစ်အမှန်အပေါ် အမြင်ကို Duwun ကို ခုလိုပြောပြပါတယ်။

"လူတစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတဲ့အောင်မြင်မှုတွေက မတူကြဘူး။ စတိဂျော့ဗ် ကို အောင်မြင်တယ်လို့ ပြောလို့ရ ရင် မုန့်ဟင်းခါးသည်တစ်ယောက်အတွက်သူ့ရဲ့ဒီနေ့တစ်နေ့စာ မုန့်ဟင်းခါးတစ်အိုးကုန်အောင်ရောင်းလိုက်ရတာကလည်း သူ့အတွက်အောင်မြင်မှုပဲ ။ သုတေးက ဆရာဝန်ဖြစ်ရမှ အောင်မြင်မယ်လို့တွေးထားတယ်ဆိုရင် တကယ်ဆရာဝန်ဖြစ်လာတဲ့အချိန်မှာ သုတေးစစ် အောင်မြင်တယ်လို့ပြောလို့ရတယ်။ လူ ဆိုတာဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက်က ဖြစ်တည်ပုံ မတူကြဘူး။ ငွေကိုရေလိုသုံးနိုင်နေပြီး အကောင်းစားတွေဝယ်ဝတ်စားသွားလာနိုင်မှ အောင်မြင်မှုလို့တွေးမယ်ဆိုရင် အခြေအနေ ကွာနေတဲ့ လူတစ်ယောက်အတွက် သူအဲ့ဒါကို အားကျနေပြီးငါမအောင်မြင်သေးပါလားလို့တွေးနေမယ်ဆိုရင် လည်း စစ်မှန်တဲ့အောင်မြင်မှုကို ရမယ်မထင်ဘူး။ ကိုယ်သတ်မှတ်တဲ့အောင်မြင်မှုက ကိုယ်တကယ်ပျော်ရွှင်ရတဲ့ အရာကို လုပ်နေတာ တကယ်ပျော်ရတဲ့အရာကို ရလိုက်တာကမှ အောင်မြင်မှုလို့ထင်တယ်။ အရာရာသိမ်ငယ်နေပြီး သူများတွေနဲ့လိုက်ယှဉ်နေပြီးငါသူ့လောက်မအောင်မြင်ပါလားလို့တွေးနေရင်လည်း မဟုတ်သေးဘူးထင်တာပဲ။ ကိုယ်တကယ်ဘာဖြစ်ချင်လဲလို့သိပြီး ဖြစ်ချင်တာကလည်း လမ်းကြောင်းမှန်မှန်ကောင်းကောင်းမွန်မွန်နဲ့ဖြစ်အောင်လုပ်လို့ရပြီဆိုရင် ကိုယ်အောင်မြင်ပြီပဲ။အောင်မြင်မှု ရဲ့အရသာကတော့ တကယ် အောင်မြင်သွားတဲ့အခါ ခံစားဖူးသူတိုင်းသိမှာဆိုတော့ ခံစားချက်ကို စာလုံးနဲ့မပြောတတ်တော့ပါဘူး။ သုတေးက စာရေးဆရာ ဖြစ်ချင်တာဆိုတော့ စာမူတစ်ပုဒ် မဂ္ဂဇင်းမှာ အရွေးခံနေရတိုင်း အမြဲအောင်မြင်နေတယ်လို့ ခံစားပြီး ကျေနပ် ပြီးပျော်နေတာပဲ။ Page အတွက် တနင်္လာနေ့တိုင်းမှာ စာအုပ်တစ်အုပ်ညွှန်းပြီးတိုင်း အောင်မြင်နေတယ်လို့ခံစားနေရတာပဲ။ ဘုရားရှိခိုးလို့ ပုတီးပတ်ရေ ပြည့်တယ်၊ ဘုရားစာကို ဆုံးအောင်ရွတ်လိုက်နိုင်တယ်ဆိုရင်လည်း အောင်မြင်တယ်လို့ခံစားရတာပဲ။ ပျော်ရွှင်ရတဲ့အရာမှန်သမျှကို ပြီးအောင်လုပ်လိုက်ပြီး အဆင်ပြေသွားတိုင်း အောင်မြင်တဲ့လူဖြစ်နေတာပါပဲ။"

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

အောင်မြင်သူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေကြသူတွေပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေမှသာ အောင်မြင်မှုအစစ်အမှန်ကို ခံစားသိရှိနိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ သူက အောင်မြင်မှုရရှိအောင် တည်ဆောက်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဒါ့ကြောင့် အောင်မြင်မှုအစစ်အမှန်ကို ခံစားသိရှိဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ပါ။

ပြင်းပြတဲ့စိတ်ကူးနဲ့ လက်တွေ့လုပ်ဆောင်မှု

အောင်မြင်သူတိုင်း ပြင်းပြစိတ်ရှိကြပါတယ်။ ပြင်းပြတဲ့ စိတ်ကူးနဲ့ အတူ အဲဒီစိတ်ကူးကို စနစ်တကျနဲ့ အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတတ်ကြလို့ အောင်မြင်မှုဆိုတာကို ရရှိလာကြတာပါ။ အောင်မြင်မှုကို ခံစားရချိန်မှာလည်း ပြင်းပြတဲ့ စိတ်ကူးတွေနဲ့ လက်တွေ့ လုပ်ဆောင်မှုတွေဟာ ရပ်တန့်သွားတယ်လို့ မရှိဘဲ ဆက်လက်ပြီးတော့ အောင်မြင်မှုများစွာဆီ အရောက်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် ပြင်းပြတဲ့ စိတ်ကူးရှိပါစေ။ စိတ်ကူးတွေကိုလည်း လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အောင်မြင်မှုရရှိဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကိုတော့ Mizzima Free to air Channel ရဲ့ Chanel Manager တစ်ဦးဖြစ်တဲ့ မအေးသက်က Duwun ကို ခုလို ပြောပြပါတယ်။

"အလုပ်တစ်ခုအောင်မြင်အောင်လုပ်ဖို့ အတွက်ကတော့ ကြိုတင်ပြင်ဆင်ဖိုု့နဲ့ ကြိုးစားနေဖို့ လိုတယ်။ ကြိုးစားနေသူအတွက်က အခွင့်အလမ်းကောင်းဆိုတာ ရောက်လာလေ့ရှိတယ်။ အဲ့ဒီအချိန်မှာ ကိုယ်က ကြိုတင်ပြင်ဆင်ထားတယ်ဆိုရင် အောင်မြင်ဖို့ဆိုတာ မဝေးတော့ဘူး။ Successful = Preparation + Opportunity ပေါ့"

အကောင်းမြင်တတ် ၊ အကောင်းတွေးတတ်ပါစေ

အောင်မြင်သူတွေက အရာရာကို အကောင်းဘက်ကတွေး ၊ အကောင်းဘက်က မြင်တတ်ပါတယ်။ အဆိုးတွေကြုံခဲ့ရင်တောင် ဒီလို ဆိုးဝါးမှုတွေထဲက ကိုယ့်အတွက် ကောင်းဖို့က ဘာတွေဖြစ်လာတာလဲ ၊ ကိုယ်ရလိုက်တဲ့ ဆိုးဝါးမှုတွေထဲကနေ ကိုယ် ဘယ်လို သင်ခန်းစာယူရမလဲ ၊ ဘယ်လို အမြတ်ထုတ်ရမလဲဆိုတာတွေကို စဉ်းစားရင်း အကောင်းဘက်ရောက်အောင်တွေးထားနိုင်သူတွေ ဖြစ်ပါတယ်။

အဆုံးသတ်မှာတော့ အောင်မြင်မှုဆိုတာ ကိုယ်ကိုယ်တိုင် တကယ် စိတ်ကျေနပ်ပြီး ကိုယ်လုပ်ချင်ရာကို လုပ်ခွင့်ရ ဖြစ်ခွင့်ရမှ ကိုယ့်ရဲ့ အောင်မြင်မှု အစစ်အမှန်ဖြစ်ပါတယ်။ သူတပါးရဲ့ အပေါ်ယံအထင်ကြီးလေးစားမှုထက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားပြီး ယုံကြည်မှုအပြည့်နဲ့ ရှေ့ခရီးဆက်နိုင်မယ်ဆိုရင် အောင်မြင်မှုအစစ်အမှန်ကို ရရှိသွားနိုင်မှာပါ။

Share

Loading Next Article...
က္က