မီးနိုကတော့ သူကြုံတွေ့ခဲ့ရတဲ့ အချစ်ရေးက အနှောင်အဖွဲ့ဆိုတဲ့ သီချင်းလေးထဲက အတိုင်းပါပဲတဲ့။ အခုချိန်မှာတော့ အချစ်ဆိုတာကိုလည်း မယုံကြည်တော့ဘူးလို့ ဆိုပါတယ်။
Photo: Mee No
အဆိုတော် မီးနိုကတော့ ပရိသတ်ကြားမှာရေပန်းစားခဲ့တဲ့ “အနှောင်အဖွဲ့” ဆိုတဲ့ သီချင်းလေးက သူမရဲ့ ခံစားချက်အမှန်ပါပဲတဲ့။ ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အချစ်ရေးကို ချပြခဲ့တာပါလို့လည်း Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။
“ ကိုယ်တိုင်ကြုံဖူးတဲ့အချစ်ကတော့ ပေးဆပ်ခြင်းပေါ့။ မီးနို အရမ်းပေးဆပ်တဲ့ချစ်သူတစ်ယောက်ရှိတယ်။ ဒါပေမယ့် မီးနိုနဲ့သူ ပြတ်သွားတာ သိပ်မကြာသေးပါဘူး။ အချစ်တွေကို ယုံစားလို့မရတော့ဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် ကြိုးစားနေတယ်။ အနှောင်အဖွဲ့သီချင်းလေးကလည်း မီးနိုရဲ့ တကယ့်ဖြစ်ရပ်လေး ဖြစ်တဲ့အတွက် ခံစားပေးနိုင်မယ်ဆိုရင် ချည် ဇာတ်ကားလေးကိုပဲ ကြည့်စေချင်ပါတယ်” လို့ သူကဆိုပါတယ်။
Photo: kreative
ကိုယ်ချစ်တဲ့ ချစ်သူကိုတော့ ပိုင်ဆိုင်ချင်တယ်လို့ မီးနိုက ပြောပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အချစ်ရေးအကြောင်း တွေးမိတာတွေကလည်း ရင့်ကျက်လာတယ်လို့ ဆိုပါတယ်။
“မီးနိုက ကိုယ်ချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ချင်တဲ့ စိတ်ရှိတယ်။ ဒါပေမယ့် လူဆိုတာက ကိုယ်ချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ချင်ကြမှာပဲ။ ဒါပေမယ့် ဖြစ်သင့်တာ မဖြစ်သင့်တာဆိုတဲ့အရာတွေက ရှိတယ်။ အဲဒီအရာလေးတွေကို သေချာစဉ်းစားပြီးတော့ ကိုယ်လုပ်သင့်လား မလုပ်သင့်လားဆိုတာ တွေးရမှာပေါ့။ အဓိက က ကိုယ်တကယ်ချစ်ပြီဆိုရင် ကိုယ့်ချစ်သူကို စိတ်ချမ်းသာအောင် ထားတတ်တဲ့အကျင့်တစ်ခုတော့ရှိတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့ညက ချည် ရုပ်ရှင်ကားကြီးအထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Mee No
အခုချိန်ထိ အိမ်ထောင်မပြုသေးတာ ဘာကြောင့်လဲဆိုတာကိုလည်း မီးနိုက ပြန်လည် ပြောပြလာပါတယ်။ ချစ်သူ သက်တမ်းအကြာကြီးထားရင် အဆင်မပြေဘူးလို့လည်း သူကဆိုပါတယ်။
“ ကိုယ်က တစ်ခုခုဆိုအရမ်း serious အရမ်းဖြစ်တယ်၊ ကိုယ်လိုချင်ပြီဆိုလည်း မရမကပေါ့။ အခုကျတော့ ကိုယ်အသက်အရွယ်ရလာတဲ့အချိန်မှာ ချစ်ခြင်းမေတ္တာဆိုတာကို နားလည်မှု ယူရတဲ့အရာမျိုးတွေရှိလာတယ်။ အဲဒီအနောက်မှာမှ အိမ်ထောင်ပြုတာဖြစ်သွားပြီ။ အိမ်ထောင်ပြုရင်လည်း ပေးတဲ့ ကတိတွေ ဖျက်သွားတာမျိုးဆို ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ Relationship တစ်ခုကို နှစ်တွေအကြာကြီး မထားပါနဲ့လို့လည်း ပြောချင်တယ်” လို့ဆိုပါတယ်။
Photo: Mee No
မီးနိုကတော့ ဂီတကို အရမ်းရူးသွပ်သူ တစ်ယောက်ဖြစ်ပါတယ်။ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာပါ။ သီဆိုလိုက်တဲ့ သီချင်းတိုင်းကလည်း အချစ်သီချင်း ချိုချိုလေးတွေ၊ အသည်းကွဲသီချင်းလေးတွေဖြစ်လို့ ပရိသတ်နားထဲကို စွဲနေတာတော့ အမှန်ပါပဲ။ အခုဆိုရင်လည်း "အနှောင်အဖွဲ့"သီချင်းလေးက သူမရဲ့ တကယ့် ခံစားချက်ကို ရေးထားတာဖြစ်သလို ပရိသတ် အားပေးမှုတွေလည်း အများကြီးရရှိနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Share