Romantic ဆန်တဲ့ ကောင်လေးမျိုးကို သဘောကျတဲ့ ယွန်းယွန်းက သူမ ခံယူထားတဲ့ အချစ်ရေး အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြလာပါတယ်။
Photo: ZM
အသက် ၁၉ နှစ်အရွယ် သရုပ်ဆောင် ယွန်းယွန်းက သူခံယူထားတဲ့ အချစ်ရေးအကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ လတ်တလောမှာတော့ Ro တဲ့ စုံတွဲလေးတွေကို အားကျမိတယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့တာပါ။
‘’Relationship က မှန်းလို့မရဘူးပေါ့နော်။ တခြားသူတွေက Ro နေပေမယ့် ကိုယ်ရည်းစားရရင် Ro ချင်မှလည်း Ro တယ်။ တခြားပုံစံလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲလေ။ ညီမကတော့ သူများစုံတွဲတွေကို အားကျပြီးတော့ ရည်းစားမထားချင်ဘူး။ ဒါပေမယ့် ကိုယ်တကယ်ချစ်တဲ့ သူနဲ့ တွေ့ရင်တော့ ရည်းစားထားချင်တယ်’’ လို့ သူကဆိုပါတယ်။
Photo: Nay Oo Lwin
ယွန်းယွန်းက ချစ်သူကောင်မလေးအပေါ် အရမ်းကို ကြင်နာတတ်တဲ့ ယောကျ်ားမျိုး၊ Romantic ဆန်တတ်တဲ့ ယောကျာ်းမျိုး တွေကို ပိုပြီး သဘောကျတဲ့သူပါတဲ့။
‘’Ro တဲ့ ယောကျ်ားလေး ကြိုက်တယ်။ ပြီးတော့ Surprise လုပ်ပေးတတ်တဲ့ သူမျိုးကိုလည်း ကြိုက်တယ်။ ကြင်ကြင်နာနာလေးနဲ့ပေါ့ သူ ကိုယ့်ကို ချစ်တယ်ဆိုတာ သိပေမယ့်လည်း ချစ်တယ်ဆိုတာကို ခဏခဏ ထုတ်ပြတတ်တဲ့သူမျိုးကို သဘောကျတယ်။ လူကြားထဲမှာလည်း ကိုယ့်ကောင်မလေးတွေကို ဂရုစိုက်တတ်တဲ့ ယောကျ်ားလေးတွေ တွေ့ရင် Respect ပေးပါတယ်’’ လို့ ဆိုပါတယ်။
Photo: PHONN
Romantic ဆန်တဲ့ ကောင်လေးမျိုးကို သဘောကျပေမယ့် ယွန်းယွန်းခံယူထားတဲ့ Romantic ပုံစံမျိုးကတော့ ကွဲပြားပါတယ်။ ဒီနိုင်ငံမှာတော့ ဒီလိုကောင်လေးမျိုးကို မတွေ့ရသေးဘူးလို့ Viho ကိုရီးယား အလှကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
‘’Ro တယ်ဆိုတာက အမှတ်တရနေ့မှ လက်ဆောင်ပေးတာရယ်လို့ မဟုတ်ဘူး။ အမြဲတမ်းအလိုလို အမှတ်တရ စကားလေးတွေ ပြောပေးတာမျိုးဖြစ်ဖြစ်၊ မထင်မှတ်တဲ့အချိန်မှာ ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ်၊ မက်ဆေ့ချ်ပို့ပြီးတော့ ဖြစ်ဖြစ်ဖြစ်၊ အဲဒီလို Ro တဲ့ ပုံစံလေးတွေကို အရမ်းကြိုက်တယ်။ ဒီနိုင်ငံမှာက အဲဒီလို လုပ်ပေးကြတာမျိုး မရှိဘူး။ အနောက်နိုင်ငံတွေမှာတော့ အဲဒီလို လုပ်ဖြစ်ကြတာတွေ့တယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Yoon Yoon
ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။