"ကျနော့်အသက် ၁၁ နှစ်အရွယ် အလုပ်တခုရလိုက်တယ်၊ ကျနော် ရေခဲချောင်းစရောင်းခဲ့တာလေ၊ ကျနော့်ရဲ့ အဖိုးက မြို့ထဲမှာ နာမည်ကြီးပဲ၊ သူလည်း ရေခဲချောင်းးပဲရောင်းတာ၊ နှစ်တွေအကြာကြီး သူ့လှည်းပေါ်ထိုင်ပြီး သူ ရောင်းခဲ့တာ၊ အဲဒီနောက်မှာ ကျနော့်ဝမ်းကွဲအကိုဆီ အဲဒီစီးပွားရေးသေးသေးလေးက ရောက်သွားတယ်၊ အဲဒါနဲ့ နွေရာသီမှာ ကျနော်က သူနဲ့ ပူးပေါင်းလိုက်တာပေါ့၊ မနက် ၆ နာရီဆိုရင် အိပ်ယာကထ၊ လှည်းလေးနဲ့ မြို့ထဲသွားပြီး ရေခဲချောင်းတွေရမယ်၊ ရေခဲချောင်းတွေရမယ်လို့အော်ပြီး တလမ်းဝင်တလမ်းထွက် ရောင်းတော့တာပဲ"
ဒါက ရစ်ချာလီဆန်က Player Tribune မှာ သူ့ရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်ပြောပြခဲ့တာပါ။ သူ့ဇာတ်လမ်းကို သူက အခုလိုဆက်ပြောခဲ့ပါသေးတယ်။ "ကလေးတွေရှိတဲ့အိမ်ရှေ့ကနေ ဖြတ်ရတာပေါ့ဗျာ၊ ဘယ်ကလေးက ရေခဲချောင်းမကြိုက်တာရှိလို့လဲ၊ ဒါပေမယ့် အများကြီးရောင်းရပေမယ့် ငွေကျတော့ များများစားစားမရဘူး၊ အဲဒါနဲ့ အမေ့ကို ကူညီဖို့ အဒေါ်လုပ်ထားတဲ့ ချောကလက်သကြားလုံးတွေ ကျနော်ရောင်းတယ်၊ ပြီးတော့ ကားရေဆေးပေးတယ်၊ ရွှံ့ပေနေတဲ့ တာယာတွေကို ဆပ်ပြာနဲ့ဆေး၊ ညစ်ပတ်နေတဲ့ လေကာမှန်တွေကို ပွတ်တိုက်ရင်း ကျနော့်အချိန်တွေကုန်ဆုံးခဲ့တာပဲ၊ တကိုယ်လုံးက နာကျင်ကိုက်ခဲနေခဲ့တာ" လို့ ရစ်ချာလီဆန်က ထပ်ပြောခဲ့ပါတယ်။
အခုတော့ ဒီဘရာဇိးလ်သားက တော့တင်ဟမ်ဟော့စပါးရဲ့ ကစားသမားသစ်ဖြစ်နေပါပြီ။ သူ့အတွက် ပြောင်းရွှေ့ကြေးကချည်းပဲ ပေါင်သန်း ၆၀ အထိ စပါးက ပေးချေရမှာပါ။ ဒီပမာဏက ဝက်ဖို့ဒ်ကနေ အဲဗာတန်တို့ သူ့ကိုခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးနဲ့ ဆုကြေးငွေစုစုပေါင်းထက် ၁၀ သန်းများပါတယ်။ သူ့အသက် ငယ်ငယ်လေးမှာတင် အဖေနဲ့အမေက ကွဲသွားပြီးတော့ မိခင်နဲ့အတူ ရစ်ချာလီဆန်က နေခဲ့ရတာပါ။ ဒါပေမယ့် ဖခင်နဲ့လည်း သူက အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ ဘောလုံးသမားတဦးဖြစ်လာဖို့ သူ့ကို တွန်းအားပေးပြီး အမြဲတမ်းအားပေးနေခဲ့တာက
သူ့အဖေပါ။
သူ့အသက် ၁၇ နှစ်အရွယ်အထိ ရစ်ချာလီဆန်တယောက် အသင်းမရှိသေးပါဘူး။ လူငယ်အသင်းတွေ၊ ဒေသခံကလပ်တွေမှာ ခြေစွမ်းပိုင်းစမ်းသပ်ခံခဲ့ပေမယ့် အကုန်လုံးက သူ့ကို ငြင်းလွှတ်ခဲ့ကြတာချည်းပါပဲ။ သူ စိတ်ဓာတ်ကျနေချိန်မှာ သူ့ကို အားပေးခဲ့တာက သူ့အဖေနဲ့ သူ့ရဲ့အဖိုး၊ ရဲအရာရှိတဦး၊ ဘောလုံးနည်းပြတဦးပဲရှိခဲ့ပါတယ်။ ဘယ်တော့မှ အရှုံးမပေးနဲ့လို့ အဲဒီလူတွေက သူ့ကို အားပေးခဲ့တာပါ။ ဒီလိုနဲ့ တရက်မှာ သူ့အတွက် အသင်းသစ်တသင်းတွေ့လိုက်ပါတယ်။ Real Noroeste ဆိုတဲ့အသင်းပါ။ အဲဒီအသင်းက Espirito Santo ပြည်နယ်ချန်ပီယံပြိုင်ပွဲမှာ ကစားနေတဲ့ အသင်းပါ။ အဲဒီအသင်းမှာ သူ တနှစ်လောက်ကစားခဲ့ပေမယ့် သူ့အပေါ် ဆက်ဆံမှုတွေက ဆိုးရွားလို့ လမ်းခွဲဖို့ဖြစ်လာပြန်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ တိုးတက်လာမှုတွေကြောင့် America-MG က သူ့ကိုခေါ်ယူချင်နေခဲ့ပါတယ်။ အခုတော့ အဲဒီအသင်းက ဘရာဇီးလ်စီးရီးအေမှာကစားနေတာပါ။ "Noroeste က အသင်းပြောင်းခွင့်ပေးဖို့ ပြသနာမရှိဘူးလို့ဆိုပေမယ့် ကျနော်ရမယ့် အဖိုးအခရဲ့ထက်ဝက်ကို သူတို့ဆီပေးရမယ်ဆိုပြီး အဖေ့ဆီက တောင်းဆိုတယ်ဗျာ၊ ဒီအသင်းက ကျနော့်အတွက် နောက်ဆုံးအခွင့်အရေးဆိုတာ အဖေရော၊ ကျနော်ရောသိတယ်၊ ပြီးတော့ သူတို့ရဲ့ လူငယ်အသင်းက တရာသီလုံးမှာ လေးပွဲပဲ ကစားဖို့ကျန်တော့တာ၊ တကယ်ကို ဖိအားတွေနဲ့နာကျင်ခဲ့ရတဲ့ အချိန်တွေပေါ့" လို့ ရစ်ချာလီဆန်က ဆိုပါတယ်။
"နောက်ဆုံးတော့ စာချုပ်တခုအတွက် နောက်ဆုံးအကြိမ်ကြိုးစားမယ်ဆိုပြီး ကျနော် အဲဒီအသင်းဆီ သွားခဲ့ပါတယ်၊ အရွေးမခံရဘူးဆိုရင် ကျနော်အိမ်ပြန်စရာကားခတောင်မရှိတော့ဘူး၊ အဲဒီမှာ ကျနော် ပြင်းပြင်းထန်ထန်အားထုတ်တယ်၊ မျှော်လင့်ချက်တွေ ပျံသန်းနိုင်အောင် ကျနော်လုပ်တယ်၊ နောက်ဆုံးကျတော့ ၂၀၁၄ ဒီဇင်ဘာလမှာ သူတို့က ကျနော့်ကို စာချုပ်တခုကမ်းလှမ်းခဲ့ပါတယ်" လို့ ရစ်ချာလီဆန်က ပြောပြပါတယ်။ အဲဒီကနေစပြီး ရစ်ချာလီဆန်က အသင်းကြီးမှာ ကစားခွင့်ရတဲ့အထိ ဖြစ်လာခဲ့ပြီး ၂ နှစ်အကြာမှာ ဘရာဇီးလ်ရဲ့ နာမည်ကျော်အသင်းဖြစ်တဲ့ ဖလူမီနီးစ်က သူ့ကိုထပ်ခေါ်ခဲ့တာပါ။ အဲဒီကိုရောက်တဲ့အချိန်မှာပဲ ရစ်ချာလီဆန်တယောက် သူ့ရဲ့ပထမဆုံးအိမ်ကို ဝယ်ယူနိုင်ခဲ့တာပါ။
ဝက်ဖို့ဒ်ကို သူ ပေါင် ၁၁ သန်းနဲ့ ပြောင်းလာချိန်မှာလည်း ပရီးမီးယားလိဂ်မှာ အဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့ သံသယတွေရှိနေခဲ့တာပါ။ ဒါပေမယ့် ရစ်ချာလီဆန်က အမြင့်ကိုရောက်လာပြီမို့ စိတ်မပူတော့ဘဲ အေးအေးဆေးဆေးကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။ အဲဒီကမှတဆင့် အဲဗာတန်၊ အခု စပါးကို သူရောက်ခဲ့တာပါ။ စပါးကို သူရောက်ခဲ့တာက သူ့ရဲ့ ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ ဒီမတိုင်ခင်တော့ သူက ကိုပါအမေရိကဖလား၊ အိုလံပစ်ရွှေတံဆိပ်တွေကို ဘရာဇီးလ်အသင်းတွေနဲ့အတူ ရယူပြီးပါပြီ။ ဥရောပရဲ့ အကြီးကျယ်အခမ်းနားဆုံးပြိုင်ပွဲကြီးကိုတော့ အခုမှ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတော့မှာပါ။ ဒါက တချိန်တုန်းက သူ့ရဲ့ မြို့လေးမှာ တလမ်းဝင်တလမ်းထွက်ပြီး ရေခဲချောင်းရောင်းခဲ့ရတဲ့ ကလေးတယောက်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဆီကို လှမ်းလာခဲ့ရတဲ့ ခြေလှမ်းတွေပဲဖြစ်ပါတယ်။