ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်ကတော့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေရှင်းသွားခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူကို ဘာစီလိုနာက ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီသတင်းတွေထွက်လာတဲ့အပေါ် ကစားသမားကိုယ်တိုင်က အံ့အားသင့်နေရတာဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသာဖြစ်ပြီး အသင်းရဲ့ အဓိကကစားသမားတဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ပုံမှန်ခြေစွမ်းမပြသနိုင်တဲ့အချိန် ဘာစီလိုနာကခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒီအတွက်ကြောင့် သူ့ရဲ့ အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီး ရေးသားခဲ့တဲ့ တွစ်တာပို့စ်တခုအောက်မှာ ဖာနန်ဒက်စ်က အခုလိုပဲ တုံ့ပြန်ရေးသားသွားခဲ့ပါတယ်။
"ပြီးခဲ့တဲ့ရက်တွေတုန်းကမှ နှစ်သစ်ရောက်ပြီပဲဆိုပြီး ကျနော်တွေးနေတာ၊ အခုကျတော့ ကျနော်တော့ ဧပြီလ ၁ ရက်နေ့ကို ရောက်နေပြီလား" လို့ ပေါ်တူဂီကွင်းလယ်လူက ငေါ့တော့တော့မှတ်ချက်ပြုသွားခဲ့တာဖြစ်ပါတယ်။ "ဒါမှမဟုတ် တလွဲတွေထိုင်ရေးနေတဲ့ ဂျာနယ်လစ်တွေပဲလား" လို့လည်း သူက ထပ်မံရေးသားခဲ့ပြီး ဒီအပေါ်မှာ ပရိသတ်တွေက သဘောကျနေခဲ့ပါတယ်။
ဒီရာသီမှာ ဂိုးသွင်းနှုန်းနဲ့ ဖန်တီးပေးမှုပိုင်း သိသိသာသာလျော့နည်းလာလို့ ဖိအားတွေရှိနေတဲ့ ဖာနန်ဒက်စ်ဟာ ၀ုလ်ဗ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ နည်းပြရန်းဂ်နစ်ခ်လက်ထက်မှာ ကစားကွက်ပိုင်းမတည်ငြိမ်သေးသလို ကစားသမားပိုင်းနေရာချထားမှုလည်း တည်ငြိမ်မှုမရှိချိန်မှာ ဖာနန်ဒက်စ်လည်းရုန်းကန်နေရပြီး ပုံမှန်ခြေစွမ်းရဖို့က ပိုမိုရုန်းကန်နေရပါတယ်။