အယ်လီဂရီက ဂျူဗင်တပ်စ်ကိုပဲ ရွေးချယ်လိုက်တာပါ။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် အသင်းဟောင်း ဂျူဗင်တပ်စ်က ချဥ်းကပ်လာချိန်မှာတော့ စာချုပ်ကို ဖျက်သိမ်းခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။ အယ်လီဂရီဟာ နည်းပြသက်တမ်းတလျှောက်လုံးနီးပါး အီတလီမှာသာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။



(၂၀၁၄) ကနေ (၂၀၁၉) အထိ ဂျူဗင်တပ်စ်ကို ကိုင်တွယ်ခဲ့တဲ့ အယ်လီဂရီဟာ ပြီးခဲ့တဲ့ (၂၀၂၁) မှာတော့ ဂျူဗင်တပ်စ်ကိုပဲ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ကြားကာလမှာလည်း အယ်လီဂရီက အခြားဘယ်အသင်းကိုမှ ကိုင်တွယ်ခဲ့ခြင်းလည်းမရှိပါဘူး။

ဒါပေမယ့် လက်ရှိ သူ့ရဲ့ ပြောစကားတွေအရ အယ်လီဂရီဟာ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်က ချဥ်းကပ်လာချိန်မှာတော့ အယ်လီဂရီတယောက် အသင်းဟောင်းကိုသာ ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အယ်လီဂရီက “ရီးရဲယ်မက်ဒရစ်ကို ကိုင်တွယ်ဖို့အတွက် ပြီးခဲ့တဲ့နွေရာသီမှာ ကျနော် စာချုပ်ချုပ်ဆိုခဲ့ပြီးသားပါ။ လုံးဝကို အပြီးသတ်ပြီးသား စာချုပ်တစောင်လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်က ကျနော့်ကို ဆက်သွယ်လာခဲ့ပါတယ်။ အဲ့ဒါနဲ့ ကျနော်လည်း နောက်မနက်ပိုင်းကျတော့ ပီရက်ဇ် (ရီးရဲယ်မက်ဒရစ်ဥက္ကဌ) ဆီ ဖုန်းဆက်လိုက်ပါတယ်”

“ပြီးတော့ ‘ငါတောင်းပန်ပါတယ်။ ငါမလာနိုင်တော့ဘူး။ ဂျူဗင်တပ်စ်ကိုပဲ သွားတော့မယ်’ ဆိုတဲ့အကြောင်း ပြောပြလိုက်ပါတယ်” လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့နည်းပြဟောင်းတယောက်ပဲဖြစ်တဲ့ အန်ဆယ်လော့တီကို နှစ်နှစ် စာချုပ်နဲ့ ခန့်အပ်ခဲ့ပါတယ်။

လက်ရှိ ရီးရဲယ်မက်ဒရစ်ဟာ အန်ဆယ်လော့တီနဲ့အတူ စပိန် စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး လာလီဂါအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့လည်း အခွင့်အရေးကောင်းနေပါတယ်။ 

Share

က္က