ခရစ္စမတ်နီးပြီဆိုတော့ ခရစ္စမတ်မှာ လက်ဆောင်ပေးတတ်တဲ့ အလေ့အထရှိတဲ့သူတွေအတွက် ချစ်ဖို့ကောင်းသလို လက်ဆောင်ရတဲ့သူအတွက်လည်း ချက်ချင်းကြည်နူးသွားစေနိုင်တဲ့ လက်ဆောင်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ခရစ္စမတ်ကို ခရစ်ယာန်ဘာသာဝင်တွေမှမဟုတ်ဘဲ တခြားသူတွေလည်း မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်ကြပါတယ်။ အနောက်နိုင်ငံတွေကတော့ ခရစ္စမတ်ပွဲတော်ကို အိမ်တိုင်းလိုလို ဆင်နွှဲတတ်ကြပေမယ့် မြန်မာနိုင်ငံမှာတော့ ရှော့ပင်းစင်တာတွေ၊ ခရစ္စယာန်ဘုရားကျောင်းတွေ၊ အိမ်ရာတွေ နဲ့ ကျောင်းတွေမှာပဲ ဆင်နွှဲတတ်ကြတာမျိုးပါ။ ကျောင်းမှာ သူငယ်ချင်းတွေ အချင်းချင်း ပို့စကတ်လေးတွေ ပေးတာ ၊ လက်ဆောင်လေးတွေ ပေးကြတာက အစပြုပြီး အကုန်လုံးရဲ့ စိတ်ထဲမှာ ခရစ္စမတ်ဆိုတာ ပျော်စရာကောင်းတဲ့ နေ့ရက်ပွဲတော်လေးတစ်ခုအဖြစ် ငယ်စဥ်ကတည်းက လက်ခံထားကြပြီးသားပါ။ ဒီအကျင့်လေးကို ခုချိန်ထိ ပြုလုပ်နေပြီး သူငယ်ချင်းတွေ၊ ချစ်သူ နဲ့ မိသားစုကို လက်ဆောင်ပေးတတ်လေ့ရှိတဲ့သူတွေ ဒါမှမဟုတ်လည်း ကိုယ့်ကိုယ်ကိုယ် ခရစ္စမတ်လက်ဆောင်ပေးချင်သူတွေအတွက် ချစ်စရာကောင်းတဲ့ လက်ဆောင်လေးတွေ ရွေးပေးချင်ပါတယ်။

ပို့စကတ်လေးတွေ

ဘယ်တော့မှ မရိုးတဲ့ ခရစ္စမတ်လက်ဆောင်ဟာ ပို့စကတ်ပါပဲ။ ငယ်ငယ်က ကျောင်းခန်းထဲမှာ သူငယ်ချင်းတွေ အချင်းချင်း ရင်ထဲက ခံစားချက်တွေ ပို့စကတ်ထဲထည့်ရေးပြီး လက်ဆောင်ပေးခဲ့ကြတာလေးတွေကို သတိရကြဦးမှာပါ။ ပို့စကတ်လေးတွေကို လက်ဆောင်ပေးတဲ့သူကော၊ ရတဲ့သူပါ နှစ်ယောက်စလုံးအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ခံစားမှုကို ရရှိတတ်ကြပါတယ်။ ဖေ့ဘွတ်တွေ ၊ ဆိုရှယ်မီဒီယာတွေ ပေါ်ပေါက်လာတော့ လူတွေက စာရေးတဲ့ အလေ့အထတောင် ပျောက်ဆုံးမလို ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ကိုယ့်ရဲ့ လက်ရေးမူကလေးနဲ့ ခံစားချက်တွေကို ရေးပြီး ပို့စကတ်လေးပေးတဲ့ ခံစားချက်ကို ခရစ္စမတ်နေ့မှာ ပြန်လည်ရယူလို့ရပါတယ်။ စေ◌ျးနှုန်းလည်း သက်သာပြီး ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ရေးမူလေးနဲ့ ရေးသားဖော်ပြရတဲ့ လက်ဆောင်လေးမို့ ငွေကြေးအားဖြင့် တန်ဖိုးမရှိပေမယ့် ပျော်ရွှင်ကြည်နူးစရာခံစားချက်တွေ ပေးစွမ်းနိုင်တဲ့ လက်ဆောင်လေးပါ။

သစ်ပင်

နောက်ထပ် ချစ်ဖို့ကောင်းတဲ့ လက်ဆောင်ကတော့ သစ်ပင်ပါ။ ဘယ်လိုသစ်ပင်ပဲ ဖြစ်ဖြစ် သစ်ပင်လေးက အမြဲ လန်းဆန်းကြည်နူးစေတဲ့ ခံစားမှုကို ပေးပါတယ်။ outdoor plant ပဲဖြစ်ဖြစ်၊ indoor plant ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်ခံစားချက်အတိုင်းပေးလို့ အဆင်ပြေပါတယ်။ များသောအားဖြင့် လက်ဆောင်ပေးမယ်ဆိုရင်တော့ indoor plant လေးတွေပေးတတ်ကြတာများပါတယ်၊ ဒီလိုမှမဟုတ်ဘဲ သစ်ပင်စိုက်ရတာဝါသနာပါတဲ့၊ သစ်ပင်ကို ချစ်တဲ့သူကို လက်ဆောင်ပေးရင်တော့ ဒီသစ်ပင်လေးကို သူပျိုးနေတဲ့တစ်ချိန်လုံး ကိုယ့်ကို သတိရနေမှာ သေချာပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေ

ခွေးလေးတွေ ၊ ကြောင်လေးတွေ ၊ ယုန်လေးတွေ ၊ hamsterလေးတွေကလည်း လက်ဆောင်ပေးလို့ အကောင်းဆုံး အရာလေးတွေထဲမှာ ပါပါတယ်။ ကိုယ့်ရဲ့ချစ်သူ၊ သူငယ်ချင်း နောက်ဆုံး မိသားစုအထိ ဘယ်သူ့ကိုမဆို ပေးလို့ရတဲ့ လက်ဆောင်လေးလည်းဖြစ်ပါတယ်။ သတိထားရမှာတစ်ခုက တိရစ္ဆာန်ချစ်တတ်တဲ့သူကို ပေးဖို့လိုပါတယ်။ မချစ်တတ်တဲ့သူကို သွားပေးရင်တော့ စိတ်ရှုပ်စရာဖြစ်သွားပါလိမ့်မယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူတွေအဖို့ ကိုယ်ကိုယ်တိုင်တောင် တယုတယဝယ်မွေးတတ်သူတွေဆိုရင် အဲဒီလက်ဆောင်လေးတွေက သူတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဖြစ်သွားမှာ သေချာပါတယ်။ နဂိုကတည်းက ချစ်တတ်သူလည်းဖြစ်၊ ခရစ္စမတ်မှာ အမှတ်တရလက်ဆောင်ရတာလေးလည်းဖြစ်တဲ့အတွက် အရမ်းကို ကျေနပ်တဲ့ စိတ်ခံစားမှုပေးစွမ်းနိုင်တဲ့ အမှတ်တရ လက်ဆောင်ဖြစ်နေမှာပါ။

ကိုယ်တိုင်ထိုး သိုးမွှေးထည်လေးတွေ

နောက်ထပ်ချစ်စရာကောင်းတဲ့ လက်ဆောင်လေးကတော့ ကိုယ့်ရဲ့ လုံ့လအားနဲ့ စိုက်ထုတ်ထားတဲ့ သိုးမွှေးထည်လေးတွေပါပဲ။ ဒါကတော့ ချစ်သူတွေကြားမှာ ပေးလေ့ပေးထရှိတဲ့ လက်ဆောင်လည်း ဖြစ်ပါတယ်။ ချစ်သူကောင်မလေးတွေ အများဆုံးပေးတတ်တဲ့ လက်ဆောင်ဖြစ်ပြီး ပေးတဲ့သူကလည်း မြတ်နိုးမှုအပြည့်နဲ့ အချိန်ယူပြီး ထိုးထားရတဲ့ လက်ဆောင်ဖြစ်သလို လက်ဆောင်ရတဲ့သူကလည်း ကျေနပ်ပီတိဖြစ်ရတဲ့ လက်ဆောင်ဖြစ်ပါတယ်။

စာရေးဆရာမ သုတေးစစ်ကလည်း ခရစ္စမတ်လက်ဆောင်ပေးဖြစ်ကြတဲ့အကြောင်းကို Duwun ကို ခုလို ပြောြပပါတယ်။

"ခရစ္စမတ်မှ မဟုတ်ပါဘူး။ ကြုံရင်ကြုံသလို လက်ဆောင်ပေးဖြစ်ပါတယ်။ ခရစ္စမတ်ကာလ ကတော့ အေးအေးချမ်းချမ်းနဲ့ ပွဲတော်တစ်ခုကို အကုန်လုံးဆင်နွှဲနေကြတာ ဆိုတော့ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲတဲ့သဘောနဲ့ လက်ဆောင်ပေးကြတာလို့မြင်ပါတယ်။ ခရစ်ယာန်တွေအတွက်ကတော့ အထူးဓလေ့တစ်ခုရှိမှာပေါ့။ တခြားလူတွေကတော့ ဒီလိုပဲ အေးချမ်းပျော်ရွှင်နေကြချိန်မှာ လိုက်ပျော်ဖို့ ပေးကြတာဖြစ်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်ကတော့ စာအုပ်နဲ့ ကိုယ်တိုင်လုပ်ပစ္စည်းတွေကို လက်‌ဆောင်ပေးဖြစ်တာများတယ်။ သိုးမွှေးထည်လေးထိုးပြီးတော့ ချစ်သူကိုလက်ဆောင်ပေးဖြစ်တယ်။ အဲဒီသိုးမွှေးထည်လေးရဖို့ ဆယ့်လေးရက်လောက်ကြာသွားတယ်။ အလုပ်က မနက်ကိုးနာရီကနေ အိမ်ကို ရှစ်နာရီလောက်မှပြန်ရောက်တော့ လိုင်းကားပေါ်မှာထိုးရတယ်၊ အိမ်မှာ အားတဲ့အချိန်ထိုးတယ်။ ပေးဖို့စိတ်ကူးရသွားတာက ဒီနှစ်ဒီဇင်ဘာအစမှာ အအေးလှိုင်းဖြတ်တော့ သူ နွေးပါစေတော့ဆိုတဲ့ စိတ်နဲ့ အမီထိုးပေးလိုက်တာပါ။ ရုံးက ကလေးတွေကိုတော့ ခရစ်စ်မတ်မှာ ပျော်ရအောင်

ပိုက်ဆံအိတ်လေးတွေ တစ်ယောက်တစ်လုံး လက်ဆောင်လိုက်ပေးဖြစ်တယ်။ လက်ဆောင်ပေးရင်တော့ တကယ်ပေးချင်စိတ်ရှိလာမှပေးတယ်။ ပေးရင်လည်း သေချာ ဂရုတစိုက်ပေးတယ်။"

နာရီ



ဘယ်လိုအမှတ်တရအတွက်မဆို လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးအရာကတော့ နာရီပဲဖြစ်ပါတယ်။ အမျိုးသမီး အမျိုးသား ဘယ်သူ့ကိုမဆိုပေးလို့ရပြီး နာရီဟာ အချိန်တိုင်းအတွက် သတိရနေစေဖို့ ၊ အမှတ်တရဖြစ်နေစေဖို့အတွက် ရည်စူးပြီးပေးတာဖြစ်လို့ တန်ဖိုးထားစရာ လက်ဆောင်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ခုခေတ်မှာ နာရီတွေက ဒီဇိုင်းပေါင်းစုံ ပုံစံပေါင်းစုံအပြင် Digital နာရီတွေ ၊ Smart Watch လေးတွေလည်း ရှိနေပြီဆိုတော့ ကိုယ်နှစ်သက်တဲ့ဒီဇိုင်းပုံစံအမျိုးအစားတွေ လက်ဆောင်ပေးရုံပါပဲ။

ဒီနှစ်ရဲ့ ခရစ္စမတ်နေ့မှာ Facebook မှာရော ၊ အပြင်မှာပါ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေအတွက် ပို့စ်ကတ်လေးတွေ ပို့ဖြစ်တဲ့ စာရေးသူသက်ဝေကတော့ ခရစ္စမတ်နေ့မှာ ပေးဖြစ်တဲ့ အမှတ်တရလက်ဆောင်တွေအကြောင်း Duwun ကို ခုလိုပြောပြပါတယ်။

"ခရစ်ယာန်ဘာသာဝင်တစ်ယောက်မဟုတ်ပေမယ့် ဒီဇင်ဘာရောက်တိုင်း အလိုလို ပျော်ရွှင်မိပါတယ်။ ကိုယ့်အတွက်တော့ ဒီဇင်ဘာရဲ့ ရက်စွဲတွေဟာ အမြဲလိုလို အမှတ်ရစရာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒီဇင်ဘာရဲ့ စွဲမက်ဖွယ် အငွေ့အသက်၊ ဒီဇင်ဘာရဲ့ သာယာတဲ့ အခင်းအကျင်းနဲ့ ဒီဇင်ဘာရဲ့ လှပခမ်းနားတဲ့ ပွဲတော်ရက်တွေကိုလည်း နှစ်သက် သဘောကျတတ်သူပါ၊ ဒါကြောင့် အခုလို ဒီဇင်ဘာမှာ ကိုယ်ချစ်ရ ခင်ရတဲ့သူတွေကို ကိုယ့်ကြောင့် ပျော်ရွှင်မှု အပိုင်းအစတစ်ချို့ (နည်းနည်းဖြစ်ဖြစ်) ရစေချင်တဲ့ စေတနာနဲ့ ပေးဖြစ်ပါတယ်။ တန်ဖိုးက အဓိက မဟုတ်ဘဲ ကိုယ်က သူတို့ကို အမှတ်တရ ရှိနေကြောင်း သိစေချင်တဲ့ စိတ်စေတနာကို အခြေခံပါတယ်။

The joy that you give to others is the joy that comes back to you... တဲ့။ ဘဝမှာ ဘယ်လိုအရာမျိုးကိုမှ အတုံ့အလှည့်အနေနဲ့ ပြန်ရကောင်းစေရယ်လို့ မျှော်လင့်ထားတာ မရှိပေမယ့် ကိုယ်က မျှဝေပေးလိုက်တဲ့ ပျော်ရွှင်မှု အပိုင်းအစတစ်ချို့ ကိုယ့်ဆီကို ပြန်ရောက်လာတတ်တယ် ဆိုရင်တော့ အဲဒါကို တောင့်တ လိုချင်မိပါတယ်။

ကိုယ်နဲ့ အနီးကပ်ရှိနေတဲ့သူတွေကိုတော့ သူတို့ကြိုက်တတ်တဲ့၊ သူတို့နဲ့ လိုက်ဖက်မယ့်၊ သူတို့ သုံးစွဲလေ့ရှိတဲ့ လက်ဆောင်မျိုး ပေးဖြစ်ပါတယ်။ တန်ဖိုးက အဓိက မဟုတ်၊ သူတို့ကို အမှတ်တရ ရှိတယ် ဆိုတဲ့ စိတ်စေတနာကို အခြေခံပါတယ်။ ဒီနှစ်တော့ Facebook မှာရော အပြင်မှာပါ ရင်းနှီး ချစ်ခင်ရတဲ့ မိတ်ဆွေတစ်ချို့ဆီကို စာတိုက်ကနေ ပိုစ့်ကတ်လေးတွေ ပို့ဖြစ်ပါတယ်။ အစစအရာရာ အွန်လိုင်းက ဆောင်ရွက်လို့ရနေတဲ့ ခေတ်ကြီးမှာ ငြိမ်သက်စွာ အိပ်မောကျနေတဲ့ စာတိုက်ပုံးလေးတွေကို အသက်ဝင်လှုပ်ရှားစေချင်တဲ့ အတွေးလည်း ပါပါတယ်။ စာတိုက်ပုံးဖွင့်လိုက်ရင် တွေ့ရမယ့် ရပ်ဝေးက ရောက်လာတဲ့ တံဆိပ်ခေါင်းကပ် စာအိတ်လေးတစ်အိတ်ဟာ ပျော်ရွှင်မှုပါ" 

အခုဖော်ပြပေးခဲ့တဲ့ လက်ဆောင်တွေကတော့ ပေးရတဲ့သူကော လက်ခံရရှိတဲ့သူပါ ပျော်ရွှင်ကြည်နူးစေမယ့် အရာလေးတွေ ဖြစ်ပါတယ်။ ခရစ္စမတ်ဟာ ခရစ္စယာန်နဲ့သာ သက်ဆိုင်တယ်၊ ဗမာတွေနဲ့ မသက်ဆိုင်ဘူးလို့ တွေးမိတဲ့သူတွလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူအချင်းချင်း လက်ဆောင်ပစ္စည်းလေးတွေ အလဲအလှယ်လုပ်ကြတဲ့ ချစ်စရာ ဓလေ့လေးဖြစ်တာကြောင့် ကိုယ့်ရဲ့ ချစ်သူ၊ သူငယ်ချင်း ၊ မိသားစုတွေကို ခရစ္စမတ်လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ အပေါ်က အကြံပေးထားတဲ့ လက်ဆောင်လေးတွေကိုသာ ပေးမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ပျော်ရွှင်ကြည်နူးစေနိုင်မှာ သေချာပါတယ်။

အားလုံးပဲ Merry Christmas to you ပါ။

Share

Loading Next Article...
က္က