လူတိုင်းမှာ ကိုယ်ပိုင်စတိုင်ဆိုတာရှိပါတယ်။ သူများနဲ့မတူဘဲ ခြားနားနေတာဟာ ကိုယ့်ရဲ့ စတိုင်ပါပဲ။ တစ်စုံတစ်ယောက်ကို ကိုယ်က သဘောကျလို့ လိုက်တုပလို့ ရနိုင်ပေမယ့် ကိုယ်ဟာ အဲဒီ တစ်စုံတစ်ယောက်တော့ ဖြစ်မသွားနိုင်ပါဘူး။ ဒါကြောင့် ကိုယ့် Brand ကိုယ် ကိုယ်ကိုယ်တိုင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်စတိုင်ရှိတဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။
ကိုယ်နဲ့ လိုက်ဖက်တာကို သိဖို့လိုပါတယ်
ကိုယ်ပိုင်စတိုင်ရှိဖို့ဆိုတာက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အကြိုက်က ဘာလဲ။ ကိုယ်က ဘယ်လိုပုံစံမျိုး ဝတ်စားဆင်ယင်ရတာကြိုက်နှစ်သက်တဲ့သူလဲ။ ဘယ်လို ဝတ်စားဆင်ယင်မှုမျိုးက ကိုယ်နဲ့ အလိုက်ဖက်ဆုံးလဲဆိုတာကို နားလည် သဘောပေါက်နေတဲ့သူဖြစ်ရပါမယ်။ မိန်းကလေးတွေရဲ့ အမှားတချို့ကတော့ တစ်ခုခုဆို သူများရဲ့ အမြင် နဲ့ အကြံဉာဏ်ကို ယူတတ်ကြတာပါ။ တခြားနေရာမှာ သူများရဲ့ အကြံဉာဏ်ကို ယူတာဟာ ပြဿနာမဟုတ်ပေမယ့် ဒီလိုဝတ်စားဆင်ယင်မှုမျိုးကတော့ ကိုယ်ကသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒီအဝတ်အစားဟာ ကိုယ်နဲ့ သက်သောင့်သက်သာရှိရဲ့လား၊ ဒီအဝတ်အစားဟာ ကိုယ့်ကို တကယ်ပဲ လွတ်လပ်လှပနေစေရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် မညာတမ်း အဖြေထုတ်လိုက်ပါ။
ကိုယ်ဟာ ကိုယ်ဖြစ်နေကြောင်း ပြဖို့လိုပါတယ်
ကိုယ်ဟာ ဘယ်သူမှ ဖြစ်နေစရာမလိုပါဘူး။ ကိုယ်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေမှ ဘဝကြီးက သာယာတာပါ။ အမျိုးသမီးလေးတွေ တချို့က ပတ်ဝန်းကျင်ရဲ့ အမြင်တွေ ၊ ဝေဖန်ပြောဆိုမှုတွေကြောင့် ကိုယ့်ရဲ့ လက်ရှိပုံစံကို ဖုံးကွယ်ပြီး ဟန်ဆောင်နေတာမျိုးတွေက ခုထိရှိနေကြဆဲပါပဲ။ ပတ်ဝန်းကျင်ကို မေ့လိုက်ပါ။ လူက အကြာကြီး ဟန်ဆောင်နေလို့မရပါဘူး။ ကိုယ့်ရဲ့ ပုံစံအမှန်အတိုင်းသာ လူတိုင်းကို ဆက်ဆံပါ။ ကိုယ်ဟာ ကိုယ်ဖြစ်နေကြောင်း လူတိုင်းကို ပြသဖို့ လိုပါတယ်။
ဓာတ်ပုံဆရာမတစ်ဦးဖြစ်တဲ့ မရှင်မိုးမြင့်ကတော့ သူ့ရဲ့ နေထိုင်မှုပုံစံနဲ့ ကိုယ်ပိုင်စတိုင်အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။
"ကျွန်မ အမြင်အရတော့ ကိုယ်ပိုင်စတိုင်ဆိုတာသည် သီးသန့်လုပ်ယူခြင်းမဟုတ်တဲ့အရာလို့ကျွန်မမြင်တယ်။ ကျွန်မတို့ငယ်ရာကကြီးလာတယ် ကြီးပြင်းလာတာနဲ့အမျှ ဘဝမှာငါသည်ဘယ်လိုရှင်သန်ရတာအကြိုက်ဆုံးလဲဆိုတာ သိဖို့ပဲလိုတာပါ။ ထားပါတော့ အရင်ကဆိုကျွန်မ ကအသားညိုတော့ ခြေသည်းနီ လက်သည်းနီ အဖြူဆိုးရမှာကြောက်တယ်။ ကိုယ်အရမ်းကြိုက်ရင်တောင် အသားရောင်နဲ့လိုက်ပါ့မလားဆိုပြီးတွေးတယ်။ ဆံပင်ဆိုလည်းဒီလိုပါပဲ။ ရှေ့ဆံပင်အတိုလေးကျွန်မညှပ်ချင်တယ် ဒါပေမယ့် ပထမစစချင်းညှပ်တော့ကျွန်မကိုလူတွေကပြောကြတယ်။ "ဟယ်ဘယ်လိုကြီးလဲ" "အိုးမုတ်ခွက်ကေ" ဘာညာပေါ့။ ဒါပမယ့် ကျွန်မစဉ်းစားတယ် ကျွန်မ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ကျွန်မတစ်ယောက်ပဲပိုင်တယ်လေ။ ကျွန်မဘယ်လိုနေနေ တချို့ လူတွေက stereotyping လုပ်ရတာဟာ အရသာတစ်ခုအနေနဲ့ လုပ်နေဦးမှာပဲ။ အဲ့ဒီတော့ ကျွန်မ လူတွေကိုရိုက်နေတဲ့ဓာတ်ပုံဆရာမတစ်ယောက်အနေနဲ့ လူတွေရဲ့ စိတ်နဲ့ လှုပ်ရှားမှုတွေကိုရိုက်ရတာကြိုက်တယ်။ နောက်ပိုင်းကိုယ့်ကိုလူတွေဘယ်လိုမြင်တာ သိပ်ဂရုမစိုက်ဘူး။ ကိုယ်က ဓာတ်ပုံရိုက်တဲ့သူပါ။ model လည်းမဟုတ်သလို မင်းသမီးလည်းမဟုတ် တစ်ချိန်ကျွန်မ ချန်ခဲ့ရင်လည်း ကျွန်မ ရိုက်ခဲ့တဲ့ဓာတ်ပုံတွေပဲကျန်ခဲ့စေချင်တယ်။ အဓိက ကတော့ ကိုယ်ပိုင်စတိုင်လ်ပေါ့။ အဲ့ဒါသည် လုပ်ယူလို့မရဘူးလို့ ကျွန်မမြင်တယ်။ လုပ်ယူခဲ့ရင်လည်းဒါသည် အစစ်မဟုတ်တဲ့ ပုံစံလို့ကျွန်မမြင်တယ်။ လူတိုင်းမှာကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင်အတွေးအခါ်တွေရှိပါတယ်။ အသုံးချပြီး ကိုယ်ဟာ ဘယ်လိုမျိုးလူမျိူးလဲဆိုတာဆုံးဖြတ်နိုင်ရင် ကိုယ်ပိုင်စတိုင်ဆိုတာ လုပ်ယူခြင်းမဟုတ်ဘဲ လူတိုင်းမှာရှိပါလားဆိုတာ သိလာပါလိမ့်မယ်"
ဘယ်သူ့ရဲ့ ပုံစံကိုမှ တုပနေစရာမလိုပါဘူး
ဘယ်သူကဖြင့် ငါ့ Idol ဘယ်သူ့ကိုဖြင့် ကြိုက်လိုက်တာ ဆိုပြီး သူတို့ရဲ့ ပုံစံအတိုင်း လိုက်တုပနေတာမျိုး လုပ်နေရင်လည်း ရပ်လိုက်ပါ။ တုပနေရုံနဲ့ သူတို့ ဖြစ်မသွားပါဘူး။ ကိုယ်က ကိုယ်ပါပဲ။ သူများပုံစံကို လိုက်တုပပြီး နေထိုင်ရတာထက် ကိုယ့်ပုံစံအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ရတာက ပိုပြီး ဘဝကို သက်သောင့်သက်သာ ရှိစေပါတယ်။ သူများကို ၊ ထူးချွန်ထင်ရှားတဲ့သူတွေကို ကြိုက်နှစ်သက်လို့ရပေမယ့် သူတို့ပုံစံကို လိုက်တုပပြီး ဘဝကို မရှင်သန်ပါနဲ့ ။
ကိုယ့်ရဲ့ လွတ်လပ်ပျော်ရွှင်မှုကို တန်ဖိုးထားပါ
ဒါကတော့ အရေးကြီးဆုံးအပိုင်းပါ။ မိန်းကလေးတိုင်းအတွက် ကိုယ့်ရဲ့ လွတ်လပ်ပျော်ရွှင်မှုကို တန်ဖိုးထားကြဖို့ အရေးကြီးပါတယ်။ သူများကို အချိန်ပေးနေတာတွေ ၊ သူများအတွက် ဘဝကုန်ဆုံးနေရတာတွေ စတဲ့ ရှေးရိုးစွဲအမြင်တွေကို မေ့လျော့ပြီး ကိုယ့်ရဲ့ လွတ်လပ်ပျော်ရွှင်မှုကို ရှာပါ။ ကိုယ့်ရဲ့ လွတ်လပ်ပျော်ရွှင်မှုဆိုတဲ့ နေရာမှာ ကိုယ်က ဘာတွေကို ဝါသနာပါသလဲ ၊ ဘာကို စိတ်ဝင်စားသလဲဆိုတာကို ဦးစွာစဉ်းစားပါ။ ဝါသနာပါတဲ့အရာတွေ ၊ စိတ်ဝင်စားတဲ့ အရာတွေကို လုပ်ဆောင်ပါ။ ဒါဟာ ကိုယ်ပိုင်စတိုင်ဆိုလည်း မမှားပါဘူး။
တယ်လီကွန်းကုမ္ပဏီတစ်ခုမှာ Project Coordinator တစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ မမိုးအိပ်မက် က သူ့ရဲ့ နေထိုင်မှုပုံစံအကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။
"ကိုယ်က ခေါင်းနည်းနည်းမာတယ်။ ဖြစ်ချင်တာရှိလာရင် target ထားပြီး မရရအောင် လုပ်ယူတယ်။ လွယ်လွယ်နဲ့ လူတွေကို အထင်မသေးတတ်သလို အထင်လည်းမကြီးတတ်ဘူး။ ကိုယ့်ကို ကောင်းတာဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ်လာပြောနေလည်း ရင်ထဲသိပ်မထည့်တော့ တစ်ခုခုဆို ပြုံးပြုံးပဲနေလိုက်တယ်။ အေးအေးဆေးဆေးနေချင်တယ်။ သူငယ်ချင်းအပေါင်းအသင်းတွေကို အရမ်းခင်တွယ်တတ်တယ်။ အဲ့ဒီတော့ အားနည်းချက်က လိုသုံးတွေနဲ့တွေ့လာတိုင်း သင်ခန်းစာတွေ ပျော်ပျော်ကြီးရနေတော့တာပဲ။ ကိုယ့်အကြောင်းကတော့ ဒီလောက်ပါပဲ ရှူတည်တည်နေတတ်ပေမယ့် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရပါမယ်
ကိုယ်ပိုင်စတိုင် တည်ဆောက်တယ်ဆိုပြီး ငါကတော့ အလှမပြင်ဘဲ ဖိုသီဖတ်သီနေတာ ငါ့ရဲ့ ကိုယ်ပိုင်စတိုင်ပဲလို့ နေနေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်တည်ဆောက်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာက ထိပ်ဆုံးက ပါဝင်ပါတယ်။ အလှပြင်ပါ၊ ကိုယ့်ကိုယ်ကိုယ် လှပနေအောင်နေထိုင်ပါ။ မိန်းမဆိုတဲ့အမျိုးက အလှသိပ်ကြိုက်ကြပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် လှနေတယ်လို့ ခံစားနေရရင်ကိုပဲ လုပ်စရာအလုပ်တွေ တစ်ဝက်လောက်လိုလိုကို ပြီးမြောက်နေတယ်လို့ ခံစားရတာပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် လှပနေအောင် ဂရုစိုက်ဖို့လည်း လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် အမြဲ ဆင်ခြင်သုံးသပ်ပါ
အထက်က အကြောင်းအရာတွေမှာ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုသွားတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ် ၊ ကိုယ့်လွတ်လပ်ပျော်ရွှင်မှုကို ရှာရမယ်၊ ကိုယ့်ရဲ့ ပုံစံအမှန်အတိုင်းနေရမယ် ၊ ကိုယ့်လိုက်ဖက်မှုနဲ့ အကြိုက်ကို သိရမယ် ဆိုတာတွေ ပြီးသွားရင်တော့ နောက်ဆုံးအဆင့်က ကိုယ့်ကိုယ်ကိုယ် အမြဲ ဆင်ခြင်သုံးသပ်ရမှာပါ။ လူဆိုတာကတော့ အမှားနဲ့ မကင်းပါဘူး။ အမှားကင်းတဲ့သူ ၊ Perfect ဖြစ်တဲ့သူဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ လုပ်ရပ်ဟာ မှားသလား ၊ မှန်သလားဆိုတာကို ကိုယ်ကိုယ်တိုင် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိရမှာပါ။ ဘက်မလိုက်ဘဲ ကိုယ်ဟာ ဘာတွေလုပ်နေသလဲ ၊ ဘာတွေဖြစ်နေသလဲ ၊ မှားသလား ၊ မှန်သလားဆိုတာကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ဆင်ခြင်နိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။
ဒါကတော့ ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုဘဲ ကိုယ့်ဘဝတစ်လျှောက်လုံး နေ့ရက်တိုင်းမှာ ကျင့်သုံးရင်း ကိုယ့်ရဲ့ ပုံစံအမှန်နဲ့ လင်းလက်တောက်ပတဲ့ လူတစ်ယောက်ဖြစ်လာစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်း လှပထက်မြက်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ နေရာတိုင်းမှာ ထူးချွန်ထက်မြက်သူတွေ ဖြစ်နိုင်ကြပါစေ။