တို့ဝေါသူ မြန်မာ့ကပ်စေးနဲကို ထိုင်း၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အမှာများကြပြီး အဲဒီနိုင်ငံတွေမှာလည်း မြန်မာ့ကပ်စေးနဲကို သိလာကြပါတယ်။

ငယ်ငယ်က စားခဲ့ရတဲ့ မြန်မာ့ကပ်စေးနဲကို အဆင့်မီထုတ်ကုန်ဖြစ်အောင် ထုတ်ပိုးမှုအားကောင်းကောင်းနဲ့ ထုတ်လုပ်လာကတော့ တို့ဝေါသူ အမှတ်တံဆိပ် မြန်မာ့ကပ်စေးနဲပါ။ ငယ်ဘဝ ကျောင်းမုန့်ဈေးတန်းမှာ စားခဲ့ရတဲ့ ကပ်စေးနဲကို ပြန်လည် အမှတ်ရအောင် ဆိုပြီး ထုတ်လုပ်ထားတဲ့ တို့ဝေါသူ မြန်မာ့ကပ်စေးနဲ အကြောင်း Duwun ပရိတ်သတ်တွေအတွက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။



 

တို့ဝေါသူ မြန်မာ့ကပ်စေးနဲ ဖြစ်ပေါ်လာပုံ ကနဦးအစ


တို့ဝေါသူ မြန်မာ့ကပ်စေးနဲကို ထုတ်လုပ်သူ မခိုင်မွန်ဟာ ငယ်စဉ်အခါက ဝေါမြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ သူမဟာ ငယ်စဉ် ကျောင်းသူဘဝမှာ ရတဲ့မုန့်ဖိုးလေးနဲ့ ကျောင်းမုန့်ဈေးတန်းမှာ အုန်းပီကေ မြန်မာ့ကပ်စေးနဲကို အမြဲတမ်းဝယ်စားလေ့ရှိပြီး ကပ်စေးနဲကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် နွေရာသီ ကျောင်းပိတ်ရက်တွေမှာဆိုရင်လည်း မြန်မာ့ကပ်စေးနဲကို လုပ်တဲ့ လုပ်ငန်းခွင်မှာ တပိုင်တနိုင် လုပ်ခဲ့တာကြောင့်လည်း ငယ်ငယ်လေးကတည်းက ကပ်စေးနဲ လုပ်တဲ့ အလုပ်ကို ရင်းနှီးနေသူတစ်ယောက်ဖြစ်ပါတယ်။

“ ကပ်စေးနဲ အုန်းပီကေဆိုတာက နယ်က ကျောင်းသားကျောင်းသူတွေ ငယ်ဘဝမှာ ကျောင်းမုန့်ဈေးတန်းမှာ စားခဲ့တဲ့ အစားအသောက်ပေါ့နော်။ အစ်မလည်း ငယ်ငယ်က အမေက မုန့်ဖိုးပေးရင် ဒီကပ်စေးနဲ အုန်းပီကေကို ဝယ်စားဖြစ်ကြတယ်။ မမေ့နိုင်စရာအဖြစ်အပျက်လေးပေါ့။ အဲဒါကို လူတိုင်းကြိုက်တယ်။အဲဒါကြောင့် ကပ်စေးနဲကိုသတိတရနဲ့ အစ်မတို့ ငယ်ငယ်တုန်းက အမှတ်တရလေးဖြစ်အောင် ပြီးတော့ အစ်မက ငယ်ငယ်တည်းက အုန်းပီကေလုပ်တတ်တယ်ပေါ့နော်။ အဲဒါနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်တွေ စဖြစ်လာတော့ တခြားလုပ်ငန်းတွေ ရောင်းအားကျချိန်မှာ အုန်းပီကေ ကပ်စေးနဲလေး စလုပ်မလားလို့ အကြံရတော့ စလုပ်ဖြစ်တာပါ။ ရန်ကုန်မှာကလည်း အုန်းပီကေ ကပ်စေးနဲ က ရှားပါးလာတော့ အစ်မက လည်း ဒါလေးကို ထုတ်ကြည့်မယ်ဆိုပြီးတော့ ဖြစ်လာတာပါ။ “လို့ ထုတ်လုပ်သူ မခိုင်မွန်က ဆိုပါတယ်။


 

 ထန်းခေါက်ဖာလေးနဲ့ အဆင့်မီမီထုတ်လုပ်ထားတဲ့ တို့ဝေါသူ ကပ်စေးနဲ


ကပ်စေးနဲလို့ဆိုလိုက်ပေမယ့် အရည်အသွေးကောင်းကောင်းနဲ့ ထုတ်ပိုးမှုကို အဆင့်မီမီဖြစ်အောင်အပြင် မြန်မာ့ဓလေ့ အငွေ့အသက်လေးကို ပါ ခံစားရနိုင်အောင် ထန်းခေါက်ဖာလေးကို အသုံးပြုပြီး ထုတ်ပိုးထားတဲ့ မြန်မာ့ကပ်စေးနဲပါ။ ဒီလိုထုတ်ပိုးမှုကြောင့်လည်း စတင် ထုတ်လုပ်ချင်းမှာပဲ စိတ်ဝင်စားမှုများပြားခဲ့ပြီး အော်ဒါတွေလည်း များစွာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ထန်းခေါက်ဖာနဲ့လုပ်ဖြစ်တာက ထန်းခေါက်ဖာကိုမြင်တာနဲ့ မြန်မာကိုပြေးမြင်တယ်။ အဲဒါကြောင့် ထန်းခေါက်ဖာလေးနဲ့ တွဲပြီး ထုတ်ဖြစ်တာပါ။ စိတ်ဝင်စားမှုတော်တော်များတယ်။ စပြီးထုတ်တဲ့နေ့မှာ အစ်မရဲ့ကိုယ်ပိုင် အကောင့်မှာ တင်လိုက်တဲ့အချိန်မှာ အဲ့တစ်ညအတွင်းမှာတင် Box တစ်ထောင်ကျော်လောက် အော်ဒါတက်လာတယ်။ အဲဒီလိုနဲ့ တစ်စတစ်စ မြို့နယ်တိုင်းမှာ မှာတဲ့ ကိုယ်စားလှယ် တွေ အများကြီးရလာခဲ့တယ်။ အခုဆို မြို့နယ်တိုင်းက မုန့်ဆိုင်တော်တော်များများက အစ်မရဲ့ ကပ်စေးနဲလေးကို မှာယူကြတယ်” လို့ မခိုင်မွန်က ဆိုပါတယ်။


 

နိုင်ငံခြားထိရောက်သွားတဲ့ မြန်မာ့ကပ်စေးနဲ


အခုဆို တို့ဝေါသူ မြန်မာ့ကပ်စေးနဲကို ထိုင်း၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အမှာများကြပြီး အဲဒီနိုင်ငံတွေမှာလည်း မြန်မာ့ကပ်စေးနဲကို သိလာကြတဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

“အစ်မ ဒါကို စတင်ထုတ်လုပ်ကတည်းက ဦးတည်တာက နိုင်ငံခြားသားတွေ ဆိုပြီး ရည်ရွယ်တာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ရည်ရွယ်တယ်။ တစ်ချို့ကလည်း စားပြီးတာနဲ့ ငယ်ငယ်တည်းက အရသာကို လွမ်းမိတဲ့ ငယ်ငယ်တုန်းက အရသာလေးလို့ ပြန်ခံစားရတယ်လို့ feedback လေး ကြားရတော့ တကယ်ကို ဝမ်းသာမိပါတယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေထိပါ ပေါက်ရောက်သွားလို့ တကယ်ကို ဝမ်းသာမိပါတယ်။ ကိုယ့်ပစ္စည်းလေးက အဲ့လောက်ထိ ပေါက်ရောက်သွားမယ်လို့ မထင်ခဲ့မိဘူး။ တို့ဝေါသူဆိုတာပေါက်သွားတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ပြည်ပရောက် မြန်မာတစ်ချို့ကလည်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေလေးရအောင် ကိုယ်စားလှယ်လေးတွေ ယူလာကြတယ်။ အဲ့ကနေတစ်ဆင့်ပဲ လူသိသွားတယ်။” လို့ မခိုင်မွန်က ဆိုပါတယ်။




 

ထုတ်ပိုးမှုအပြင် အရသာလည်းကောင်းတဲ့ ကပ်စေးနဲ


ထုတ်ပိုးမှုအပြင် ကပ်စေးနဲကို အရသာကောင်းမွန်အောင် အုန်းသီးအဆိမ့်ရဲ့ အရသာ၊ ထန်းလျက်နဲ့ နှမ်းလေးရယ် အဓိက ပေါင်းစပ်ပြီး ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ အစားအသောက်ဖြစ်တာကြောင့်လည်း အသေးစိတ် ဂရုစိုက်ရပြီး သန့်သန့်ရှင်းရှင်း ဖြစ်အောင် ၊ တာရှည်ခံဆေးတွေ မပါဝင်အောင် အဓိက ထုတ်လုပ်ထားတာလည်းဖြစ်ပါတယ်။

“အုန်းသီးအဆိမ့်လေးအရသာနဲ့ တစ်လုံးစားပြီး ပါးစပ်ထဲကျန်နေခဲ့တဲ့အရသာလေးက တကယ်ကို ကောင်းပါတယ်။ ဒီမှာ များများစားစားဘာမှမပါဘူး။ ထန်းလျက်နဲ့ အုန်းသီးအဓိက ပေါ့နော်။ ပြီးရင်တော့ အပေါ်က နှမ်းလေးဖြူးလိုက်တယ်။ ဒါပဲ စားလိုက်တာနဲ့ ကပ်စေးနဲက အရသာလေးစိမ့်ဝင်သွားစေတာပေါ့နော်။ “ ဆိုပါတယ်။


 

တို့ဝေါသူ ကပ်စေးနဲ မှာချင်တယ်ဆိုရင်


တို့ဝေါသူ ကပ်‌စေးနဲကတော့ လက်ရှိမှာ ပြည်တွင်းမှာတော့ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်တို့ကို အဓိကထားပို့ဆောင်နေတာဖြစ်ပါတယ်။ တို့ဝေါသူ ကပ်စေးနဲမှာ ကပ်စေးနဲအပြင် မန်းကျည်းဖလိပ်ပြားလည်း ရရှိနိုင်ပါတယ်။ မှာယူလိုသူတွေနဲ့ ကိုယ်စားလှယ်ယူချင်သူများအနေနဲ့ တို့ဝေါသူ စားသောက်ကုန် ပေ့ချ်ကနေ မှာယူနိုင်တာဖြစ်တဲ့အကြောင်း Duwun ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က