ဒီနေ့ မေလ ၈ ရက်မှာ ပညာပေးအစီအစဉ်အနေနဲ့ Mask အခမဲ့ဝေပေးမှာပါ။

တနင်္သာရီတိုင်းအတွင်းမှာ ဒီနေ့ မေလ ၈ ရက်နေ့ကစပြီး Mask တပ်ပြီးမှ အပြင်သွားကြဖို့ တိုင်းကိုဗစ်ကော်မတီက ထုတ်ပြန်ထားပြီးပညာပေးအနေနဲ့ ဒီတစ်ရက်နှစ်ရက်အတွင်း Mask မတပ်ဘဲ သွားလာသူတွေကို Mask တွေ အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဌေးပိုင်က ပြောပါတယ်။

မေလ ၁၀ ရက်နေ့ဆိုရင်တော့ Mask မတပ်ဘဲ အပြင်သွားလာသူတွေကို ဒဏ်ကြေးအဖြစ် Mask ၅၀၀၀ ဖိုးဝယ်ယူရမယ်လို့ ဆိုပါတယ်။



“ ခရိုင်ကနေ မနေ့က အမိန့်ထုတ်ပြန်ထားပြီးဖြစ်တယ်။ ဒီနေ့က Mask တွေကို နေရာအလိုက် အလကားဝယ်ပေးတယ်။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ အသိပညာပေးမယ်။ ၃ ရက်မြောက်နေ့လောက်ကျရင်တော့ ဒဏ်ငွေ ၅၀၀၀ ဖိုး Mask ဝယ်ရမယ်လို့ စီစဉ်ထားတာ” လို့ ဦးဇော်ဌေးပိုင်က Duwun ကိုပြောပါတယ်။

Photo- Myat Ko Ko FB (မေလ ၈ ရက်မှာ မြိတ်မြို့အတွင်း Mask မတပ်သူများကိုစစ်ဆေးပြီး အခမဲ့ဝေပေးနေစဉ်။)

မနေ့က မေလ ၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ Mask တပ်ပြီး အပြင်သွားလာကြဖို့၊ Mask မတပ်ဘဲသွားလာခဲ့ရင် ဒဏ်ငွေ ကျပ် ၅၀၀၀ နဲ့ညီတဲ့ Mask ဝယ်ယူရမှာ ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အညီဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာထားတာပါ။

ပြီးခဲတဲ့ သင်္ကြန်ကာလအတွင်းနဲ့ ဧပြီလ ၁၀ ရက် က ကြေညာခဲ့တဲ့ ပိုးတွေ့လူနာအမှတ် ၂၅ဟာ မြိတ်မြို့ကမင်္ဂလာဆောင်တစ်ခုကိုလာသွားခဲ့တာကြောင့် သူနဲ့နီးစပ်သူ လူအယောက် ၁၅၀ ကျော်ကို အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့တုန်းက ပြည်သူတွေက စိုးရိမ်တကြီးနဲ့ စည်းကမ်းလိုက်နာမှုတွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ လိုက်နာမှု အားနည်းခဲ့တယ်လို့လည်း သိရပါတယ်။

“ ဒီတစ်ပတ်အတွင်းမှာ တော်တော်များများ Mask မတပ်တာ များလာတယ်ပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ အရှိန်မြင့်ပြီးလုပ်မှရမယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ ဒီလိုလုပ်တာပါ” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပိုးတွေ့ လူနာမရှိတဲ့ တိုင်းနဲ့ ပြည်နယ် (၅) ခုမှာ တနင်္သာရီတိုင်းလည်းပါဝင်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရသိရပြီး အခုလို Mask မတပ်ရင် ဒဏ်ငွေကောက်ခံတာက တနင်္သာရီတိုင်းက ပထမဆုံးစတင်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က