Photo - Tanintharry Regional Government FB
အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ဟာ ကျန်းမာရေးအခြေအနေကြောင့် အာမခံလျှောက်ထားခဲ့ပေမယ့် ပယ်ချလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို စတင် ကြားနာစစ်ဆေးလျက်ရှိနေတယ်လို့ ဒေသခံ မီဒီယာဖြစ်တဲ့ Dawei Watch သတင်းမှာ ဖော်ပြပါတယ်။
ဒေါက်တာလဲ့လဲ့မော်ဟာ ကျန်းမာရေး အခြေအနေ (ရင်သားကင်ဆာ) ဖြစ်နေတဲ့အတွက် သက်သေခံ စာရွက်စာတမ်းတွေ တင်ပြနိုင်ဖို့ သူကိုယ်တိုင်အပြင်မှာ ရှာဖွေပေးမှ တရားစွဲဆိုထားတဲ့ အမှုကို ပြန်လည် ချေပနိုင်မှာဖြစ်တဲ့အတွက် အာမခံလျှောက်ထားခဲ့တာလို့ သိရပါတယ်။
ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ GGS ကုမ္ပဏီက MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံ တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ နဲ့ အမှု ၄ မှုခွဲပြီး အရေးယူဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားထားတာဖြစ်ပါတယ်။