လာမယ့် အပတ်တိုင်းလွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ရယူမှာပါ။
လစ်လပ်သွားတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာမှာ တနင်္သာရီတိုင်း သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက အဆိုပြုထားတယ်လို့ တနသာၤရီတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေဆီကနေ သိရပါတယ်။

Photo-Tanintharyi Region (ဝန်ကြီး ဦးမြင့်မောင်ကို တွေ့ရစဉ်)

“ကျွန်တော်တို့ သတင်းကြားထားပါတယ်။ သမ္မတက ရွေးပြီးတော့ တိုင်းလွှတ်တော်ကို ပို့ရမှာပါ ။ တိုင်းလွှတ်တော်က အတည်ပြုပေးရမှာပေါ့။ “ လို့ တနင်္သာရီတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က Duwun ကို ပြောပါတယ်။

မတ်လ ၁၈ ရက်မှာ နိုင်ငံတော်သမ္မတက တိုင်းလွှတ်တော်ကို အဆိုပြုလွှာပေးပို့ထားပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ လာမယ့်အပတ်မှာ တနင်္သာရီတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ပြုလုပ်သွားမယ်လို့ သိရပါတယ်။ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ဟာ အသက် ၄၀ ကျော်သာရှိသေးပြီး ရိုးရိုးသားသား အလုပ်ကြိုးစားသူတစ်ဦးဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပါတယ်။

တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းမှုကို မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး ထောက်ခံမဲများရင် ဦးမြင့်မောင်က တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။ ဦးမြင့်မောင်ဟာ လက်ရှိမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ယာယီ တာဝန်ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဒေါ်လဲ့လဲ့မော်ကို လာဘ်စားမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မတ်လ ၁၀ ရက်က အရေးယူထားပါတယ်။ လက်ရှိမှာ ဒေါက်တာဒေါ်လဲ့လဲ့မော်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရပါတယ်။ လာဘ်စားမှု ကြောင့် ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၁၁ ရက်မှ စတင်ကာ ရာထူးတာဝန်ကနေ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က