ရတနာပုံတက္ကသိုလ် အနီး ကန်ပတ်လမ်းမှာ ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသားတစ်ဦး လုယက်ဓားထိုးခံရပြီး သေဆုံးမှု မှာ တရားခံတွေကို ၅ ရက်ကြာတဲ့ အထိဖမ်းမိခြင်းမရှိသေးဘူးလို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သိရပါတယ်။
Photo - YDNB Oway Channel
ဒီဇင်ဘာလ ၂၅ ရက်နေ့ည ၇နာရီလောက်က အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသားမောင်စိုးမိုးဟိန်းကို အမည်မသိလူတစ်စုက ပိုက်ဆံအိတ်လုယက်ပြီး ဓားနဲ့ထိုးမှုဖြစ်ခဲ့ပါတယ်။
မောင်စိုးမိုးဟိန်းကို ဓားဒဏ်ရာနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို တက်ရောက်ကုသနေစဉ်မှာ ည(၁၀)နာရီအချိန်လောက်က သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ခုလို သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အမရပူရရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် သတ်သွားသူတွေကို ရဲက ရှာဖွေတွေ့ရှိခြင်းမရှိသေးဘူးလို့သိရပါတယ်။
"လုယက်ပြီးသတ်သွားတာက ၄ ယောက်ပါ။ ဆိုင်ကယ် ၂ စီးနဲ့လာတာပါ။ မျက်မြင်သက်သေတွေလည်းရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိဖမ်းဆီးရမိတာမရှိသေးဘူးလို့ရဲကပြောပါတယ်။"လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက Duwun ကို ဒီဇင်ဘာ ၃၀ ရက်နေ့ကပြောပါတယ်။