Photo- ရဲဇာနည်
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက်ည ၇ နာရီလောက်က အသက် ၂၂ နှစ်အရွယ် ကျောင်းသား မောင်စိုးမိုးဟိန်းနဲ့ အသက် ၂၄ နှစ်အရွယ် မခိုင်ဇင်ဝေနှင်းတို့ဟာ မဟာဂန္ဓာရုံ ကျောင်းအနီး တောင်သမန်ကန်ပတ်လမ်းတာရိုး အုတ်တံတိုင်းပေါ်မှာထိုင်ပြီး စကားပြောနေစဉ် အမည်မသိ လူ ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ ရောက်ရှိလာပြီး တစ်ဦးမှ “အစ်ကို အကူအညီတောင်းစရာရှိလို့” ဟု ပြောဆိုကာ စိုးမိုးဟိန်းကို ဓားနဲ့ထိုးခဲ့တယ်လို့ ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက် မခိုင်ဇင်ဝေနှင်းကိုလည်း လုယက်သူတစ်ဦးက ပါးစပ်ပိတ်ထားခဲ့ပြီး ရုန်းကန်ရာမှ ကန်အတွင်းကို ပြုတ်ကျသွားခဲ့ကာ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းချိန်မှာ အဆိုပါ ၄ ဦးဟာ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ဓားထိုးခံရတဲ့ မောင်စိုးမိုးဟိန်းကို ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက တရားခံတွေ ဖော်ထုတ်ဖမ်းဆီးရာမှာ မသကာၤသူ နေထက်ရှိုင်း (ခ) ဝက်ပေ့ကို စစ်ဆေးရာ သူနဲ့အတူ ချစ်တုံ၊ ဇွဲကို တို့ ၃ ဦးမှာ ဆိုင်ကယ်နှစ်စီးနဲ့ သွားလာနေစဉ် တောင်သမန်ကန်ပတ်လမ်း တာဘောင်ပေါ်မှာ စကားပြောနေတဲ့သူတွေကို လုယက်ရန် ပြောဆိုခဲ့ပြီးနောက် မောင်စိုးမိုးဟိန်းနဲ့ မခိုင်ဇင်ဝေနှင်းတို့ ၂ ဦးကို လုယက်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ ပြစ်မှုကျုးလွန်သူ ၃ ဦးအနက် နေထက်ရှိုင်း (ခ) ဝက်ပေ့ကို ဖမ်းဆီးမိခဲ့ပြီး ကျန်ရှိတဲ့ ချစ်တုံနဲ့ ဇွဲကိုတို့ကို ဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။