မန္တလေးမြို့က ရတနာပုံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ဒီနေ့စက်တင်ဘာ ၁၀ ရက်ကကြေညာလိုက်ပါတယ်။
ဆေးလိပ်သောက်သုံးမှုကြောင့် မျိုးဆက်သစ်ကျောင်းသားကျောင်းသူတွေ ရောဂါဖြစ်စေတာ၊ အသက်အန္တရာယ်ထိခိုုက်စေတာတွေအတွက် ကာကွယ်သင့်၊ ရှောင်ကြဉ်သင့်တာတွေကို တစ်နှစ်ခန့်ပညာပေးလှုပ်ရှားဆောင်ရွက်ခဲ့ပြီး ဒီနေ့တရားဝင်ကြေညာလိုက်နိုင်တာဖြစ်ပါတယ်။
ရတနာတက္ကသိုလ် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်ကြေညာခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်က ရတနာပုံတက္ကသိုလ် ပြည်ထောင်စုခန်းမမှာ ကျင်းပခဲ့ပါတယ်။
“ ဆေးလိပ်သောက်သုံးခြင်းဆိုတာမကောင်းဘူးဆိုတာကိုနှိုးဆော်တာပဲဖြစ်ပါတယ်၊ ငယ်ကတည်းကဆေးလိပ်သောက်ခဲ့တဲ့ကလေးတွေရှိကောင်းရှိနိုင်တယ်ပေါ့။ ဒီကလေးတွေကို ကျောင်းထဲမှာမသောက်ဖို့ကျောင်းချိန်တွေမှာမသောက်ကြဖို့ ဆရာကြီးဆရာမကြီးတွေကိုယ်တိုင်ပညာပေးပြီးမှ အခုလို ကြေညာနိုင်တာပါ” လို့ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်(ရတနာပုံတက္ကသိုလ်ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်သတ်မှတ် ပြဌာန်းရေးဦးစီးကော်မတီဥက္ကဋ္ဌ)ကပြောပါတယ်။
ရတနာ့ပုံတက္ကသိုလ်အား ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်ကြေညာနိုင်ဖို့ ၂၀၁၈ ခုနှစ်စက်တင်ဘာလကတည်းကစတင်လှုပ်ရှားခဲ့တာလို့သိရပြီး South East Asia Tobacco Control Aliance(SEATCA) ဆိုတဲ့အဖွဲ့အစည်းက မြန်မာနိုင်ငံမှာရှိတဲ့ကျောင်းတွေတက္ကသိုလ်တွေကိုဆေးလိပ်ငွေ့ကင်း စင်ဇုန်ဖြစ်ဖို့ဖိတ်ခေါ်မှုအရ ပူးပေါင်းဆောင်းရွက်ခဲ့တာဖြစ်ပါတယ်။
ရတနာပုံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်ထူထောင်ချင်တာကြောင့် ဝန်ကြီးဌာနလမ်းညွှန်ချက်အရ၊ SEATCA ရဲ့ဖိတ်ခေါ်မှုအရ ရတနာပုံတက္ကသိုလ် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်သတ်မှတ် ပြဌာန်းရေးဦးစီးကော်မတီကိုဖွဲ့စည်းခဲ့ပါတယ်။
“ အဲဒီကနေကော်မတီအဆင့်ဆင့် ဖွဲ့စည်းပြီး ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကစတင်လှုပ်ရှားခဲ့တာပါ၊SEATCA ရဲ့နည်းပညာနဲ့ပဲအသိပညာပေးအစီအစဉ်တွေနဲ့လှုပ်ရှားခဲ့တာပါ ဆက်လက်ပြီးတော့လည်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်လှုပ်ရှားသွားမှာပါ ကျောင်းသားတွေအနေနဲ့လည်းပူးပေါင်းပါဝင်ပေးကြပါ “ လို့ ရတနာပုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာတင့်မိုးသူဇာ (ရတနာပုံတက္ကသိုလ်ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်သတ်မှတ် ပြဌာန်းရေးဦးစီး ကော်မတီဒုတိယဥက္ကဋ္ဌ) က ပြောပါတယ်။
South East Asia Tobacco Control Aliance(SEATCA) ရဲ့ကူညီမှုနဲ့ မြန်မာနိုင်ငံမှာ တက္ကသိုလ် (၇) ခု ဆေးလိပ်ငွေ့ကင်းစင်နယ်မြေဖြစ်ဖို့ကြိုးပမ်းဆောင်ရွက်နေတယ်လို့သိရပြီး အဲဒီအထဲကမှ ထားဝယ်တက္ကသိုလ်နဲ့ရတနာပုံတက္ကသိုလ်တို့ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် တရားဝင်ကြေညာနိုင်ခဲ့တယ်လို့ သိရပါတယ်။