ယူနိုက်တက်နဲ့မတွေ့ခင်မှာ ပြောကြားခဲ့တာပါ။

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက တနေ့နေ့တချိန်ချိန်မှာ နယူးကာဆယ်ဟာ ယူနိုက်တက်လိုမျိုး ကြီးကျယ်ခမ်းနားတဲ့အသင်းဖြစ်လာစေရမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ နယူးကာဆယ်ဟာ ဆော်ဒီမင်းသား လက်ထဲရောက်ပြီးနောက်ပိုင်း အသင်းအတွက် လိုအပ်တဲ့ ပြင်ဆင်အားဖြည့်မှုတွေကို ပုံမှန်ပြုလုပ်လာနိုင်တဲ့ အသင်းတသင်းပါ။



ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ် (၈) ပွဲကစားပြီးချိန်မှာလည်း (၃) ပွဲနိုင်၊ (၅) ပွဲသရေနဲ့ တပွဲသာရှုံးနိမ့်ထားပြီး ရလဒ်ပိုင်းအရရော၊ ခြေစွမ်းပိုင်းအရပါ မဆိုးဘူးလို့ ပြောနိုင်တဲ့ ခြေစွမ်းမျိုးကို ပြသနေပါတယ်။ မနက်ဖြန်ညမှာတော့ နယူးကာဆယ်တို့ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်ကွင်းထဲမှာ သွားရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အက်ဒီဟောင်းက “အသင်းတွေရဲ့ တိုးတက်မှုအပေါ် ကာရံထားတာမျိုး ကျနော်ကတော့ မကြိုက်ပါဘူး။ ကျနော့်ရဲ့ သမိုင်းကြောင်းကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ ဘုန်းမောက်က လိဂ်တူးအသင်းအနေနဲ့ လိဂ်ဝမ်းကို တန်းတက်ခဲ့ပါတယ်။ သူတို့က အခုဆိုရင် ပရီးမီးယားလိဂ်အသင်းတသင်းတောင် ဖြစ်လာခဲ့ပါပြီ”

“ဒီတော့ ကျနော်တို့ နယူးကာဆယ်လည်း တနေ့နေ့မှာ ဘာကြောင့် ယူနိုက်တက်လိုမျိုး မကြီးထွားလာနိုင်ရမှာလဲ။ အသင်းရဲ့ရည်မှန်းချက်၊ နောက်ကွယ်က ရည်ရွယ်ချက်တွေက ကြီးမားပါတယ်။ ကျနော်တို့က အခု ဒီရည်ရွယ်ချက်တွေကို ပြည့်ဝအောင် ကြိုးစားနေကြတာပါ။ ဒီအတွက် ဘာအဟန့်အတားမျိုးမှ မရှိပါဘူး။ ကျနော်တို့မြို့လေးကို ခင်ဗျားတို့ကြည့်လိုက်ပါဦး”

“ကလေးတွေကအစ နယူးကာဆယ်နဲ့ပတ်သက်တဲ့ စိတ်အားထက်သန်မှုမျိုးကို ပြသနေကြပါတယ်။ တကယ်လို့အသင်းသာ အောင်မြင်တယ်ဆိုရင် ဒီအသင်းက ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်အဖြစ် ကြီးထွားလာမှာပါ။ ကျနော့်ကိုယ်ကျနော်လည်း ဖိအားပေးနေပြီး ဒါတွေက စိန်ခေါ်မှုတွေပါ။ အသင်းဘက်ကလည်း ဒါမျိုးကိုပဲ လိုချင်တာပါ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က