အာဖရိကရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် ဆာဒီယိုမာနေးက ဆွတ်ခူးဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ မာနေးနဲ့အတူ ဆန်ခါတင်စာရင်းမှာတော့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆာလာနဲ့ ကီတာတို့လည်း ရွေးချယ်ခံခဲ့ရကာ ဆာလာနဲ့ မာနေးတို့ အဓိကပြိုင်ဆိုင်ရမှာဖြစ်ပြီး မာနေးက အလေးသာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဆာလာက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး လီဗာပူးလ်နဲ့အတူ အက်ဖ်အေ၊ ကာရာဘောင်ဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာနေးကတော့ အာဖရိကဖလားကိုဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်လည်း ဆီနီဂေါကို စွမ်းဆောင်ပေးနိုင်ခဲ့လို့ အောင်မြင်မှုအားဖြင့်တော့ မာနေးက အပြတ်အသတ်သာနေခဲ့တာဖြစ်ပါတယ်။
ဒီဆန်ခါတင်စာရင်းမှာ သူတို့နှစ်ဦးအပြင် လီဗာပူးလ်ကပဲဖြစ်တဲ့ ကီတာ၊ ချယ်လဆ်ီးက မန်ဒီ၊ စပါးကစားသမားသစ် ဘစ်ဆူမာ၊ အာဆင်နယ်က အယ်လ်နန်နီတို့လည်း ပါဝင်ခဲ့ပြီး မာရက်ဇ်၊ ဘာထရန်းထရာအိုယေး၊ ဟာကီမီ၊ ကူလီဘလီ၊ ကက်ဆီနဲ့ လူငယ်ကစားသမားတပ်ဆိုဘားတို့လည်း ပါဝင်ခဲ့ကြတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ မာနေးက နိုင်ငံအသင်းအတွက် ဆုဖလားဆွတ်ခူးနိုင်ခဲ့လို့ ဆာလာက ယှဉ်နိုင်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပြီး မဲအရေအတွက်အများစုကို ဆီနီဂေါသားကသာ ရရှိမယ်လို့ ယူဆနေကြပါတယ်။ မာနေးသာ ဆွတ်ခူးခဲ့မယ်ဆိုရင်တော့ နှစ်နှစ်ဆက်တိုက်ရရှိမှာဖြစ်ကာ ဆာလာက အဲဒီအရင်မှာ ၂နှစ်ဆက်တိုက်ဆွတ်ခူးထားဖူးပါတယ်။