မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းကတော့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ တနှစ်တာအကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးလူငယ်ကစားသမားဆုအားလုံးကို တပြိုင်တည်းဆွတ်ခူးနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နေခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ တနှစ်တာအကောင်းဆုံးကစားသမားဆုအတွက် လူကြီး၊ လူငယ်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဟာလန်းက နှစ်ခုစလုံးမှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအတွက် လက်ရှိမှာ လိဂ်ဂိုး ၃၆ ဂိုးအထိ သွင်းယူပေးထားတဲ့ ဟာလန်းဟာ ရွှေဖိနပ်ဆုအတွက် သေချာနေခဲ့ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် တနှစ်တာအကောင်းဆုံးဆုတွေကိုပါ ရရှိခဲ့မယ်ဆိုရင် ဒီဆု ၃ ခုစလုံးကို တပြိုင်တည်းဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာဖွယ်ရာ ရှိနေပါတယ်။
တနှစ်တာအကောင်းဆုံးကစားသမားဆု နဲ့ အကောင်းဆုံးလူငယ်ဆုတွေကို တပြိုင်နက်တည်း ရယူနိုင်ခဲ့တဲ့ ကစားသမားတွေ ရှိခဲ့ပေမယ့်လည်း ရွှေဖိနပ်ဆုပါ ဆွတ်ခူးနိုင်တဲ့ ကစားသမားကတော့ မရှိသေးတာဖြစ်ပါတယ်။ ဒါကြောင့် ဟာလန်းသာ ရယူနိုင်ခဲ့မယ်ဆိုရင် သမိုင်းဝင်စံချိန်တခုကို ထပ်မံပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ တရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ မှတ်တမ်းသစ်ကိုလည်း ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးနဲ့လည်း ဆုဖလား ၃ လုံး တပြိုင်တည်းဆွတ်ခူးနိုင်မယ့် အခွင့်အရေးကိုလည်း ဟာလန်းက ရရှိထားပြီး သူ့အတွက်တော့ အကြီးအကျယ်အောင်မြင်မယ့် ဘောလုံးရာသီတခု ဖြစ်လာဖို့လည်း ရှိနေပါတယ်။