ရင်ဘတ်ချင်းနီးလို့ပေါင်းဖြစ်တယ်။

လီလီကျော်ခိုင် ကတော့ လက်ရှိ အပေါင်းအသင်းတွေထဲမှာ အဲလစ်အုန်းနဲ့ ပိုပြီးတော့ တွဲဖြစ်နေတဲ့အကြောင်း ပြောပြလာပါတယ်။ 

လီလီကျော်ခိုင်ဟာ ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းတစ်လျှောက် အတိုက်အခိုက်တွေ များခဲ့တယ်လို့ သိရပါတယ်။ အလုပ်နဲ့ ပတ်သက်လာရင် နောက်ကျောထိုးခံရမှာကို ကြောက်လို့ စိတ်နဲ့ထပ်တူကျမယ့် သူငယ်ချင်းမျိုးကို ပေါင်းသင်းဖြစ်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 



“အပေါင်းအသင်းပေါင်းရင် ကိုယ်နဲ့ ရင်ဘတ်ချင်းနီးတဲ့သူပဲ ပေါင်းတယ်။ အရမ်းချေမိုးနေတဲ့သူဆို ကိုယ်နဲ့ အဆင်မပြေဘူး။ အောင်မြင်တာ မအောင်မြင်တာတွေ၊ သူကတော့ ဘယ်အလွှာက မို့လို့ဆိုတာမျိုးမရှိဘူး။ အဓိက ကတော့ မမောက်မာဖို့ပေါ့။ အခုချိန်မှာတော့ အဲလစ်နဲ့ ရင်ဘတ်ချင်း နီးတယ်လို့ ခံစားရတယ်” လို့ သူကဆိုပါတယ်။ 

လီလီကျော်ခိုင်ရဲ့ စိတ်နေစိတ်ထားကိုလည်း အဲလစ်အုန်းက သဘောကျတယ်လို့ ဆိုပါတယ်။ သူတို့ သူငယ်ချင်းနှစ်ယောက်ကတော့ မော်ဒယ်လ်လောကမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Fashion Show ပွဲတွေမှာလည်း မကြာခဏ ဆုံဖြစ်တယ်လို့ လီလီကျော်ခိုင်က ပြောပါတယ်။ 

အဲလစ်အုန်းကတော့ လီလီကျော်ခိုင်ကို စတွေ့ကတည်းက ပိုပြီးတော့ သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ အရပ်မြင့်တာကို သဘောကျတဲ့သူဖြစ်လို့ လီလီကျော်ခိုင်ရဲ့ အရပ်ကိုနှစ်သက်တယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

 “လီလီ့ကိုကျတာ့ ပြိုင်ပွဲတွေ စပြိုင်တဲ့အချိန်မှာ သတိထားမိခဲ့တာ။ သူက အရမ်းလည်းချောတယ်၊ အရပ်လည်းရှည်တယ်။ အဲဒီတုန်းက သူ အနုပညာအလုပ်တွေ သိပ်မလုပ်သေးဘူး။ သူ့ရဲ့ အရပ်အမောင်းရော၊ မျက်နှာကိုရော သဘောကျတယ်။ အဲလစ်က အရပ်ရှည်ချင်ခဲ့တာလေ။ ပြီးတော့ လီလီက လှလည်း လှတယ်။ သူ့ကို မိန်းကလေးအချင်းချင်း သဘောကျတဲ့အထိကို ကြိုက်ခဲ့တာ”လို့ သူကဆိုပါတယ်။ 

လီလီကျော်ခိုင်ကိုတော့ ပရိသတ်တွေက မဂ္ဂဇင်းကာဗာတွေကနေတဆင့် စတင်သိရှိလာခဲ့တာပါ။ အနုပညာလောကထဲကိုလည်း Model တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ တက်သစ်စ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ 

အဲလစ်အုန်းကိုလည်း ပရိသတ်တွေက အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းသူဖြစ်တာကြောင့် ပိုပြီးတော့ သတိထားမိလာခဲ့ကြပါတယ်။ သူမဟာ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသလို မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေတာ တွေ့ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က