ပဉ္စမမျိုးဆက် ဆက်သွယ်ရေးကွန်ရက်နည်းပညာသုံး 5G ဖုန်းတွေရဲ့ ဈေးနှုန်းဟာ နောက်နှစ်ကစပြီး သက်သာလာဖို့ရှိပါတယ်။
ကမ္ဘာကျော် chip maker ကြီး ဖြစ်တဲ့ Qualcomm ဟာ Snapdragon 8 series နဲ့အတူ 5G modems တွေ ထည့်သွင်းလာခဲ့ပြီး အခုချိန်မှာ အလတ်တန်စား processor တွေမှာလည်း 5G modem ထည့်ပေးသွားမယ်လို့ဘာလင်မှာ ကျင်းပတဲ့ IFA အီလက်ထရွန်းနစ် ပြပွဲမှာ ကြေညာသွားပါတယ်။
Photo: sandiegouniontribune
Snapdragon 6 series နဲ့7 series လိုမျိုး တန်ဖိုးသင့်ဖုန်းတွေအတွက် အထူးထုတ်ထားတဲ့ chipsets တွေမှာ 5G modem ပါလာတော့မှာ ဖြစ်လို့OPPO ၊ Vivo ၊ Realme ၊ Redmi ၊ Motorola ၊ HMD နဲ့LG တို့လို အလတ်စား စမတ်ဖုန်းတွေမှာ 5G ကွန်ရက်သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ Qualcomm ရဲ့ မျိုးဆက်သစ် Snapdragon 6 series နဲ့7 series တို့ဟာ 7nm process ပေါ် အခြေခံပြီး တည်ဆောက်သွားမှာ ဖြစ်ပြီး ၂၀၁၉ စတုတ္ထသုံးလပတ်အတွင်းမှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ်လို့GSMArena သတင်းက ခန့်မှန်းပါတယ်။
Snapdragon 6 series အနေနဲ့5G ကွန်ရက် အပြည့်အဝ ပံ့ပိုးမှုကို တစ်ကမ္ဘာလုံးက သုံးစွဲသူတွေအတွက် လာမယ့် ၂၀၂၀ နှစ်လယ်လောက်က စပြီး ပေးနိုင်ဖို့ရှိပါတယ်။ ပုံမှန် 4G ကွန်ရက်ထက် ၁၀ ဆကနေ အဆ ၁၀၀ အထိ မြန်ဆန်တဲ့ 5G နည်းပညာဟာ လိုင်းဆွဲအား ကြန့်ကြာမှု အလွန်နည်းပါးပြီး လူတွေရဲ့ အင်တာနက် သုံးစွဲမှု အတွေ့အကြုံကို အကြီးအကျယ် ပြောင်းဲပေးနိုင်မှာပါ။
Photo: moneycontrol
လက်ရှိ Qualcomm ရဲ့ ပထမဆုံး 5G modem ပါ Snapdragon 855 processor ကို Galaxy S10 5G၊ Galaxy Note 10 5G ၊ Galaxy Note 10 Plus 5G စတဲ့ high-end ဖုန်းတွေမှာပဲ သုံးနိုင်သေးတာ ဖြစ်ပါတယ်။ ဒီဖုန်းတွေဟာ ဒေါ်လာ ၁၃၀၀ ( မြန်မာငွေ သိန်း ၂၀ နီးပါး) ဈေးကနေ စတင်ရောင်းချနေတဲ့ တန်ဖိုးကြီး ဖုန်းတွေပါ။
လာမယ့် ၂၀၂၀ မှာတော့ mid-range ဖုန်းတွေမှာလည်း ဈေးသင့်သင့်နဲ့5G မော်ဒယ်တွေ ဝယ်ယူနိုင်ဖို့ရှိပါတယ်။