တန်ဖိုးနည်းမြေကွက်ဝယ်ယူခွင့် ရရှိဖို့ လျှောက်ထားသူ ဦးရေ (၁၂,၀၀၀)ကျော်ထဲက (၆၀၀)ကျော်သာဝယ်ယူခွင့်ရရှိပြီး မြေကွက်အားလုံးကို သတ်မှတ်ဈေးနှုန်းတစ်ခုတည်းနဲ့ရောင်းချပေးမှာဖြစ်တယ်လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချပေးမယ့် တန်ဖိုးနည်းမြေကွက်ဝယ်ယူခွင့်ရရှိတဲ့ သူတွေအနေနဲ့ မြေကွက်တွေကို မဲနှိုက်ပြီး ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။ ရောင်းချပေးမယ့်မြေကွက်တွေအားလုံးက ဈေးနှုန်းတပြေးညီဖြစ်ပြီး ဝယ်ယူခွင့်ရရှိတဲ့သူတွေအားလုံးကိုလည်း သတ်မှတ်ဈေးနှုန်းနဲ့ဝယ်ယူဖို့ အကြောင်းကြားပြီးဖြစ်တယ်လို့ မြို့တော်စည်ပင်ကနေ သိရပါတယ်။
“ မြေကွက်တွေကိုတော့ ဝယ်ယူခွင့်ရရှိတဲ့ သူတွေကိုခေါ်ပြီးအဆိုပြုဈေးနှုန်းတွေကို တင်ပြခိုင်းခဲ့တယ်။ အဲဒီမှာ အနိမ့်ဆုံးအဆိုပြုတဲ့သူတွေက သိန်း(၃၀)နဲ့ အမြင့်ဆုံးသိန်း(၂၀၀)အထက် အဆိုပြုသူတွေလည်းရှိတယ်။ ဈေးနှုန်းအဆိုပြုချက်တွေက တော်တော်လေးကွာဟနေတော့ ကျွန်တော်တို့ဈေးနှုန်းညှိတယ်။ တစ်ခုတည်းသောဈေးနှုန်းကိုပြန်ပြီးသတ်မှတ်တယ်။ သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်း ဝယ်ယူရမယ်၊ မြေကွက်အားလုံးကဈေးအတူတူပဲ။ ဈေးနှုန်းတူတူပဲဖြစ်လို့ မြေကွက်တွေကို မဲနှိုက်ပြီးဝယ်ယူရမှာဖြစ်တယ်” လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက မီဒီယာတွေကိုပြောပါတယ်။
တန်ဖိုးနည်းမြေကွက်တွေဝယ်ယူဖို့အတွက် လျှောက်ထားသူ (၁၂,၀၀၀) ကျော်ထဲကနေ ဝယ်ယူခွင့်ရရှိတဲ့ သူက (၆၀၀)ကျော်သာရှိတာဖြစ်ပါတယ်။ လျှောက်ထားသူတွေကို သေချာ စိစစ်လိုက်တဲ့အခါမှာတော့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့ သူတွေကိုသာ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဦးသန်းကပြောပါတယ်။
ဝယ်ယူရရှိတဲ့ မြေကွက်တွေကိုတော့ လျှောက်ထားသူအမည်နဲ့သာ ရောင်းချပေးမှာဖြစ်ပြီး (၃)နှစ်အတွင်းနာမည်ပြောင်းခွင့်မရှိဘူးလို့ သိရပါတယ်။ မြေကွက်ဝယ်ယူခွင့်ရတဲ့ သူတွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ပေးသွင်းထားတဲ့ ငွေတွေကို ပြန်လည်ထုတ်ပေးပြီး မြေကွက်ကိုပြန်လည်သိမ်းဆည်းမှာဖြစ်တယ်လို့ သိရပါတယ်။