ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရောင်းချတဲ့ တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ သတ်မှတ်ရက်အတွင်း လာရောက်မဆက်သွယ်ရင် ဝယ်ယူခွင့်စာရင်းပယ်ဖျက်ပြီး ကျန်တဲ့သူတွေကို ဦးစားပေးမယ်လို့ ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးညီညီက ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁) ကို တွေ့ရစဉ်။
သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိတဲ့သူတွေကို ပြည်သူ့အရောင်းအိမ်ရာဝယ်ယူဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ယူဆပြီး ဝယ်ယူခွင့်စာရင်းကနေ ပယ်ဖျက်သွားမယ်လို့ အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်ရေးကော်မတီကနေလည်း ထုတ်ပြန်ထားပါတယ်။
ဝယ်ယူခွင့်ရသူတွေအနေနဲ့ တိုက်ခန်းတန်ဖိုးငွေပေးသွင်းနိုင်ရေးနဲ့ အချက်အလက်တွေ စိစစ်ဖို့ သြဂုတ်လ ၆ ရက်ကနေ ၂၁ ရက်အတွင်း၊ ဘဏ်ချေးငွေနဲ့ ဝယ်မယ့်သူတွေက သြဂုတ်လ ၆ ရက်ကနေ ၁၅ ရက်အတွင်းမှာ အထောက်အထားစာရွက်စာတမ်းမူရင်းတွေနဲ့ အတူလူကိုယ်တိုင် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနရုံးကို လာရောက်ဆက်သွယ်ရမှာဖြစ်ပါတယ်။
“ အကယ်လို့ မဲပေါက်တဲ့သူတွေကို ကာလတစ်ခုသတ်မှတ်ပေးပြီးတော့ မဆက်သွယ်တော့ဘူးဆိုရင် နောက်ထပ် တန်းစီထားတဲ့သူတွေကို ပေးသွားမယ်။ ငွေအပြီးချေမယ့်သူတွေကို တိုက်ခန်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း လျှော့ပေးမှာပါ။မဲပေါက်တဲ့သူတွေကနေ ဆောင်ရွက်ရမယ့်ကိစ္စတွေ ပြီးရင် အိမ်ရာတွေ မှာနေထိုင်လို့ရပါပြီ” လို့ ဦးညီညီက ဓူဝံမီဒီယာကို ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁) ကို တွေ့ရစဉ်။
ပထမအသုတ်အိမ်ရာဝယ်ယူခွင့်ရသူမှာ ၇၂၂ ရဲ့ အမည်စာရင်းတွေကိုတော့ ရန်ကုန်တိုင်း၊ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွေနဲ့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနရုံးမှာ အသိပေးကြေညာထားပြီးလည်း ဖြစ်ပါတယ်။
ဝယ်ယူမယ့်သူတွေမှာ ကနဦးအနေနဲ့ တိုက်ခန်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို အရင်ဆုံး ပေးသွင်းရမှာဖြစ်ပြီး တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ မြို့ပြနှင့် အိုးအိမ် ဖွံဖြိုးရေးဘဏ်မှာ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်အထိ ပေးချေတဲ့ စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ ပြည် သူ့အိမ်ရာရောင်းချရေးကော်မတီ ကနေ သိရပါတယ်။
တိုက်ခန်းဈေးနှုန်းတွေကတော့ တန်ဖိုးနည်းတိုက်ခန်းဆိုရင် သိန်း ၉၀ ကျော်ကနေ သိန်း ၁၃၀ နီးပါး၊ တန်ဖိုးသင့်တိုက်ခန်းဆိုရင် သိန်း ၂၀၀ ကနေ သိန်း ၆၀၀ အထိ ရှိကြောင်းသိရပါတယ်။