မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ယူနိုက်တက်က ချဲလ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို တွမ်မီနေးက သွင်းယူပေးခဲ့တာပါ။
ပထမပိုင်း ပွဲကစားချိန် အစောပိုင်းမှာကတည်းက ယူနိုက်တက်တို့ ဦးဆောင်ဂိုးရဖို့ အခွင့်အရေးရှိခဲ့တာပါ။ ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကန်ချက် ဂိုးမဖြစ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဦးဆောင်ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ တွမ်မီနေးက ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ကိုးလ်ပါးလ်မားက ချဲလ်ဆီးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ချဲလ်ဆီးကို တစ်ဖက်သတ်ဖိကစားခဲ့တာဖြစ်ပြီး ဂိုးသွင်းခွင့်အများအပြားလည်း ရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးဂိုးသမား ရော်ဘတ်ဆန်းချက်ဇ် လက်စွမ်းပြခဲ့တာ၊ ယူနိုက်တက်တို့ ဂိုးကံခေခဲ့တာတွေကြောင့် အခုလိုမျိုးပဲ တစ်ဂိုးအသာနဲ့သာ အနိုင်ရရှိခဲ့တာပါ။ ယူနိုက်တက်အတွက် အနိုင်ဂိုးကိုလည်း (၆၉) မိနစ်မှာ တွမ်မီနေးကပဲ သွင်းယူပေးခဲ့ပြီး နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ အဆင့် (၄) နေရာက မန်စီးတီးနဲ့ (၃) မှတ်သာ ကွာဟတော့ပြီး စပါး၊ နယူးကာဆယ်တို့ထက် တစ်ပွဲပိုကစားထားချိန်မှာ စပါးနဲ့ အမှတ်တူ၊ နယူးကာဆယ်ထက် တစ်မှတ်အသာနဲ့ ရပ်တည်လျက်ရှိပါတယ်။