အခုဆို တစ်နေ့ကို ပိဿာ ၂၀ ရောင်းရတဲ့အထိ ဖြစ်လာခဲ့ပါပြီ။

ဝက်အူအစာသွပ်တွေကို အရသာအမျိုးမျိုးနဲ့ ရနိုင်တဲ့ဆိုင်လေးကတော့ မင်းလမ်း ဦးဒုတ်ထိုးဆိုင်လေးပါ။ တာမွေမြို့နယ် ဦးချစ်မောင်လမ်းမပေါ် မင်းလမ်းထိပ်မှာ ‌ရောင်းတဲ့ မင်းလမ်းဦးဒုတ်ထိုး ဆိုင်လေးကတော့ ဝက်သားတုတ်ထိုး ကြိုက်နှစ်သူတွေအကြား ရေပန်းစားတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။



မင်းလမ်းဦးဒုတ်ထိုး ဘယ်ကစ

ခရမ်းသုံးခွ ဇာတိဖြစ်တဲ့ ဦးဒုတ်ထိုးဟာ ရန်ကုန်ကို အလုပ်လုပ်ဖို့ တက်လာခဲ့ပြီးနောက် ဝက်သားတုတ်ထိုး ‌ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ အရင်းအနှီးလည်း များများစားစားမရှိတာကြောင့် ဝက်သားတုတ်ထိုး စရောင်းချိန်မှာ ခြင်းတောင်းလေးထဲမှာ တုတ်ထိုးတွေကို ထည့်ပြီး ကျောက်မြောင်းတစ်ခွင် လှည့်လည်ရောင်းချခဲ့တယ်လို့့ ဆိုပါတယ်။

“စရောင်းတုန်းက တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်။ ကျောက်မြောင်းထဲမှာ လှည့်ပတ် ပြီး ခြင်းတောင်လေးနဲ့ စားသုံးသူတွေက ခေါ်ရင် အဲ့နေရာလေးမှာ ချရောင်းပေါ့။ အဲလိုလေးစခဲ့တာ။ တစ်နေ့ကို တစ်ပိသာ ၊ ၅၀ သားလောက်ပဲ ကုန်တယ်။ အရင်းအနှီးကလည်း ကိုယ့်လုပ်အားခလေးတွေ စုစုပြီး ရောင်းရတာပေါ့နော်။ အိမ်ကလည်းငှားစရာမရှီဘူး သူငယ်ချင်းအိမ်မှာကပ်နေပြီး ဘဝကို စခဲ့ရတာပေါ့။” လို့ ဆိုပါတယ်။

မင်းလမ်းဦးဒုတ်ထိုး ဘာလို့နာမည်ကြီးလာ

ဒီလိုနဲ့ ကျောက်မြောင်းတစ်ခွင်လှည့်ပတ်ရောင်းရင်း အသိမိတ်ဆွေတွေရဲ့ အဆက်အသွယ်နဲ့ မင်းလမ်းထိပ်မှာ ခုံလေးနဲ့ ချရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ စားသုံးသူတွေက စမ်းစားကြည့်ရင်းနဲ့ တစ်စတစ်စနဲ့ လူသိများလာခဲ့ပြီး အခုဆို မင်းလမ်းမှာ ရောင်းခဲ့တာ ၁၅ နှစ်သက်တမ်းရှိနေပါပြီ။

“ စားသုံးသူတွေ စသိတာကတော့ မင်းလမ်းထိပ်မှာ စရောင်းတော့ သတိထားမိသွားတယ်။ စမ်းစားကြည့်တော့ စားရင်းနဲ့ အရသာ သိသွားတော့ လူကြိုက်များလာတာပေါ့။ စားသုံးသူတွေက အခုထိအရသာမပြောင်းဘူး ကောင်းတယ်လို့ပြောကြတယ်။ ဦးက အချဉ်ရည်က အစ ကိုယ်တိုင်လုပ်တယ်။ အချိုမှုန့်တွေမသုံးဘူး။ ဝက်သားတုတ်ထိုးကိုလည်း အရင်ဆုံး သကြားနဲ့ ဝက်သားကို လှော်ပြီးပေါင်းလိုက်တာပေါ့နော်။ ‌” လို့ ဆိုပါတယ်။

မင်းလမ်းဦးဒုတ်ထိုးရဲ့ ထူးခြားချက်

မင်းလမ်းဦးဒုတ်ထိုးဆိုင်လေးရဲ့ တစ်ခြားတုတ်ထိုးဆိုင်တွေနဲ့ မတူတဲ့ထူးခြားချက်ကတော့ ဝက်သားတုတ်ထိုးကို သမားရိုးကျမဟုတ်ဘဲ ဝက်အူအစာသွပ်ကို အရသာအမျိုးမျိုးနဲ့ ရရှိနိုင်တာဖြစ်ပါတယ်။ ရနိုင်တာတွေကတော့ ဝက်အူချောင်းကောက်ညှင်း၊ ဝက်ဦးနှောက် အူပိတ် ကြက်ဥလေးနဲ့ စပ်ထားတဲ့ အစာသွပ်တုတ်ထိုး  ။ သွေးအူပိတ်ကို  ပြောင်းဖူး ကောက်ညှင်းထုပ် အစာသွပ်အူပိတ်တုတ်ထိုးနဲ့ ဝက်ခေါက်အစာသွပ်အူပိတ်တုတ်ထိုးတို့ ဖြစ်ပါတယ်။ စားသုံးသူတွေကလည်း ဦးဒုတ်ထိုးဆိုင်ရောက်ရင် အစာသွပ်အူပိတ်တုတ်ထိုးတွေကို အစားများကြတယ်လို့ ဆိုပါတယ်။

“ အစကတော့ ရိုးရိုးဝက်သားတုတ်ထိုးပဲ ရောင်းတာပေါ့နော်။ နောက်တော့ အစမ်းလေး ထွင်ကြည့်မယ်ဆိုပြီး အူပိတ်မှာ အစာသွပ်လေးတွေ လုပ်ကြည့်တယ်။ စားသုံးသူတွေကလည်း တော်တော်ကြိုက်ကြတယ်။ အဲဒါကို အဓိကထား ရောင်းတာပေါ့” လို့ မင်းလမ်းဦးဒုတ်ထိုးက ဆိုပါတယ်။

တစ်နေ့ကို ပိဿာ ၂၀ နီးပါးခန့် ရောင်းရတဲ့ မင်းလမ်းဦးဒုတ်ထိုး

မင်းလမ်းဦးဒုတ်ထိုးဆိုင်လေးကတော့ လမ်းဘေးလေးမှာရောင်းလာတာ ၁၅ နှစ်ကျော်ခဲ့ပြီးနောက် စားသုံးသူတွေ အဆင်ပြေအောင် ဆိုင်ခန်းလေးနဲ့ ထပ်မံဖွင့်လှစ်လိုက်တာ ၁ လနီးပါးရှိနေပါပြီ။ လက်ရှိဖွင့်ထားတဲ့ဆိုင်လေးရဲ့ ကားလမ်းတစ်ဖက်မှာပဲ ဖြစ်ပြီး အခုဆို ဆိုင် ၂ ဆိုင်ပေါင်း ပိဿာ ၂၀ နီးပါးခန့် ရောင်းရပါတယ်။

“ စရောင်းတုန်းကတော့ တစ်ချောင်း ၅၀ ပေါ့။ နောက်တော့ ၁၀၀၊ ၁၅၀၊ ၂၀၀ အခုတော့ တစ်ချောင်း ၃၀၀ ဖြစ်သွားတာ သိပ်မကြာသေးပါဘူး။ ကုန်ဈေးနှုန်းတွေကြောင့် လိုက်မနိုင်တော့ဘူး။ စားသုံးသူတွေအဆင်ပြေအောင်လည်း ဆိုင်ခန်းလေးနဲ့ ထပ်ဖွင့်ထားတယ်။ ဆိုင်ခန်းနဲ့ဆိုတော့ စားသုံးသူတွေ အေးအေးဆေးဆေးစားလို့ရအောင်ပါ။ တုတ်ထိုးအပြင် အခေါက်ကင် ထမင်းပေါင်းလဲရတယ်။ အမယ်လေးတွေကို ထပ်တိုးပြီး လုပ်ကြည့်တာပေါ့နော်” လို့ မင်းလမ်းဦးဒုတ်ထိုးက ဆိုပါတယ်။

မင်းလမ်းဦးဒုတ်ထိုးစားချင်တယ်ဆိုရင်

မင်းလမ်းဦးဒုတ်ထိုး (ဝက်သားတုတ်ထိုး) ဆိုင်လေးကတော့ တာမွေမြို့နယ် ဦးချစ်မောင်လမ်းမပေါ်၊ မင်းလမ်းထိပ်မှာတစ်ဆိုင်၊ အရှေ့မင်းလမ်းထိပ်မှာတစ်ဆိုင်ဖွင့်လှစ်ထားတာပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီလောက် ဖြစ်ပြီး ဝက်အူအစာသွပ်စားချင်တဲ့သူတွေအတွက် လမ်းညွှန်ပေးလိုက်ပါတယ်နော်။

 

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က