တုတ်ထိုးတစ်ချောင်းကို (၁၀)ကျပ်၊ မုန့်တီတစ်ပွဲ (၁၀၀) ဆိုတာကတော့ ဒီခေတ်ကာလမှာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ဈေးလို့ ထင်ကောင်းထင်ကြမှာပါ။ ဒါပေမယ့် ဒီဈေးနဲ့ ရောင်းနေတဲ့ တုတ်ထိုး၊မုန့်တီဆိုင်လေးတစ်ဆိုင် ရွှေပေါက်ကံမြို့နယ်မှာ ရှိနေပါတယ်။
လူတန်းစားမရွေးစားနိုင်ဖို့ ရည်ရွယ်
အခြေခံလူတန်းစားအများစု နေထိုင်တဲ့ ရပ်ကွက်လေးမှာ ငွေ (၂၀၀) လောက်နဲ့ မုန့်တီလေးသောက်၊ တုတ်ထိုးတွေ စားနိုင်ဖို့ အတွက် ရည်ရွယ်ပြီးတော့ ဒီဈေးလေးနဲ့ ရောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၄) နှစ်ကတည်းက ဒီဆိုင်လေးကို ဖွင့်လှစ်ထားတာဖြစ်ပြီး စရောင်းကတည်းက တုတ်ထိုးတစ်ချောင်းကို (၁၀)ကျပ်၊ မုန့်တီတစ်ပွဲကို (၁၀၀)ကျပ်နဲ့ရောင်းခဲ့တာပါ။
“ကိုယ်ငယ်ငယ်တုန်းကလည်း ချို့တဲ့တော့ မုန့်ဝယ်စားဖို့ဆိုတာ တော်တော်လေးစဉ်းစားရတယ်။ အခု တုတ်ထိုးတစ်ချောင်း (၁၀)ကျပ် နဲ့ဆို ကလေးရောလူကြီးရောစားနိုင်လောက်မယ်။ ကိုယ်နေတဲ့ရပ်ကွက်ကလည်း အခြေခံလူတန်းစားများတဲ့ရပ်ကွက်ဆိုတော့ ဒီဈေးနဲ့ဆို အကုန်လုံးစားနိုင်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ဖွင့်လိုက်တာပါ။ ’’ တုတ်ထိုးသည် မအိအိခိုင်က ပြောပါတယ်။
ဈေးနှုန်းက (၁၀)ကျပ်ကစပြီး အများဆုံး (၆၀၀)ကျပ်အထိသာရှိ
ဒီဆိုင်မှာ အဓိကရောင်းတာက တုတ်ထိုးနဲ့ မုန့်တီဖြစ်ပြီး ကြာဇံသုပ်၊ခေါက်ဆွဲသုပ်၊ ကြက်သားသုပ်၊ ကြက်ရေခွံသုပ် စတဲ့အသုပ်မျိုးစုံနဲ့ ကြာဇံချက်၊ မုန့်ဟင်းခါး တို့ ရပါတယ်။ တုတ်ထိုးကတော့ (၁၀) ကျပ်တန်အပြင် (၅၀) ကျပ်တန်လည်းရှိပြီး အအေးကိုလည်း တစ်ခွက် (၂၀၀)ကျပ်နဲ့သာရောင်းချတာလို့ ဆိုပါတယ်။
“ ညနေဘက်ဆို ကော်ပြန့်ဖက်ထုပ် ၊ ကြက်တောင်ပံကြော် ၊ ပုဇွန်ကြော် ၊ ငါးကြော်တွေကို တုတ်ထိုးလေးတွေ လုပ်ပြီး အဲဒါတွေက တစ်ခုကိုမှ (၅၀) ကျပ်နဲ့ရောင်းပါတယ်။ (၁၀) ကျပ်တန်တုတ်ထိုးလေးတွေကတော့ ရုန်းပတီသီး၊ အာလူး၊ ပဲပြား၊ တို့ဟူး၊ အသားတု ဆိုပြီး (၈)မျိုးလုပ်ထားတယ်။ ကြိုက်တာ ရွေးစားလို့ရတယ်။ အသုပ်တစ်ပွဲက အရင်က (၅၀၀) အခု (၁၀၀) တက်ပြီး (၆၀၀) ဖြစ်သွားတယ်။ မုန့်တီကတော့ တစ်ပွဲကို (၁၀၀) ပါ။ အကြော် ၊ ငါးဖယ်၊ ပဲသွေး ထည့်ရင် (၂၀၀)ပါ။
(၄) နှစ်တိုင်တိုင် ဈေးနှုန်းလုံးဝမပြောင်းလဲတဲ့ ဆိုင်လေး
ဒီဆိုင်လေးဖွင့်တာ (၄) နှစ်ရှိခဲ့ပေမယ့် ဈေးနှုန်းကတော့ လုံးဝမပြောင်းလဲပါဘူး။ ကုန်ဈေးနှုန်းတွေကတော့ အခုချိန်မှာ စရောင်းတာကနေ (၃ ) ဆလောက်တက်သွားပေမယ့် တစ်ဆယ်ကျပ်နဲ့ရောင်းနေဆဲပဲလို့ တုတ်ထိုးသည် ဒေါ်အိအိခိုင်က ပြောပါတယ်။
“ ဒီအချိန်မှာ အလုပ်အကိုင်ကအစရှားပါး၊ နိုင်ငံရေးတွေ ဖြစ်နေတဲ့အချိန်မှာ လူတိုင်းက ကြပ်တည်းနေကျတော့ ဈေးကို လုံးဝမတတ်ဘဲနဲ့ပဲ ရောင်းလိုက်တော့တယ်။ ကိုယ်က အမြတ်နည်းပေမယ့် စားတဲ့သူတွေ ကြည့်ပြီး ပျော်ပါတယ်” လို့ ဆိုပါတယ်။
(၁၀)ကျပ်၊ (၁၀၀)ကျပ်ဆိုပေမယ့် တစ်နေ့ကို သိန်းနဲ့ချီရောင်းရ
ပုံမှန်ရက်တွေမှာ တစ်နေ့ကို (၂)သိန်းကျော်အထက်မှာရောင်းရပြီး ပိတ်ရက် စနေ၊တနင်္ဂနွေနေ့တွေမှာဆို (၄)သိန်းဖိုးလောက် ရောင်းရတယ်လို့ ဆိုပါတယ်။ နီးနီးဝေးဝေးက ဖောက်သည်တွေလာစားကြပြီး ညနေဘက်ဆို စက်ရုံဆင်းအလုပ်သမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အမြဲစည်ကားနေတဲ့ဆိုင်လေးပါ။
“ ညနေဘက်ဆို လူစည်နေတော့ ပိုများတော့ ပျော်ဖို့ကောင်းတယ်။ (၁၀၀) ပဲပါတဲ့ကလေးတွေဆိုလည်း တုတ်ထိုး (၁၀) ချောင်းစားလို့ရတယ်။ ဟင်းရည်လည်း ကြိုက်သလောက် တောင်းသောက်ကြ။ ကလေးတွေလည်းပျော် ကိုယ်လည်းရောင်းရတာပျော်တယ်။ ’’ လို့ ဆိုပါတယ်။
(၁၀) ကျပ်နဲ့ရောင်းတာကို လုံးဝမစွန့်လွှတ်မယ့်ဆိုင်လေး
ဘယ်လောက်ပဲ ကုန်ဈေးနှုန်းတွေ တက်တက် (၁၀) တန်တုတ်ထိုးနဲ့ (၁၀၀) တန်မုန့်တီကိုတော့ လုံးဝဈေးမတတ်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ တစ်ခြား အမျိုးအစားတွေတော့ ကုန်ဈေးနှုန်းအရ (၁၀၀) ကျပ် ၊ (၂၀၀) ကျပ်လောက်သာ တက်ပေမယ့် လူတိုင်းစားနိုင်တဲ့ ဈေးလေးနဲ့ပဲ ရောင်းမှာပါလို့ ဆိုပါတယ်။
“ကုန်ဈေးနှုန်းတက်ချင်သလောက်တက် ဒီကုန်ဈေးနှုန်းကို အံ့တုပြီး ဒီ (၁၀)တန် နဲ့ (၁၀၀) တန်ကို ရောင်းမယ်လို့ တွေးထားတယ်။ ဖြတ်သွားတဲ့လူတွေဆိုတွေ့တယ် (၁၀) တန်လို့ ရေးထားရင် မယုံဘူး (၀) တစ်လုံးများ ကျန်နေလားပေါ့ မဟုတ်ပါဘူး။ တကယ်တစ်ဆယ်တန်နဲ့ရောင်းပေးတာပါ။ မြောက်ဥက္ကလာပမြို့နယ်ထဲမှာတော့ ဆိုင်ခွဲလေးတစ်ခွဲ ဖွင့်ဖို့စီစဉ်ထားတယ်” လို့ တုတ်ထိုးသည် ဒေါ်အိအိခိုင်က ဆိုပါတယ်။
(၁၀) တန်တုတ်ထိုးဆိုင်လေးသွားစားချင်သူတွေအတွက်
မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံမြို့နယ်၊ ပုဂံလမ်းမကြီးပေါ် (၁၁) ဈေးအနီးက (၁၀)တန်တုတ်ထိုးဆိုင်လေးလို့ ပြောလိုက်ရင် လူတိုင်းသိတဲ့ဆိုင်လေးပါ။ YBS -19 ကားစီးလာပြီး အာဘောဂမှတ်တိုင်မှာဆင်းပြီး ရှေ့ကိုနည်းနည်းလျှောက်လာရင် ဒီဆိုင်လေးကို တွေ့ရမှာပါ။ ရွှေပေါက်ကံအနီးတစ်ဝိုက်ကိုတော့ (၃၀၀၀) ဖိုးက စဝယ်တဲ့ စားသုံးသူတွေကို အိမ်အရောက်ပို့ဆောင်ပေးတယ်လို့လည်း သိရပါတယ်။