ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ယနေ့ (အောက်တိုဘာ ၃၁ ရက်) ညပိုင်းက ရထားတစ်စင်းပေါ် မီးရှို့ပြီး ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရပါတယ်။
ဒေသစံတော်ချိန် ယနေ့ည ၈ နာရီဝန်းကျင်က ရထားပေါ်မှာဖြစ်ပွားခဲ့တဲ့ ထိုတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့ အခြေအနေဖြစ်ကြောင်း Kyodo သတင်းဌာနက ပြောပါတယ်။ ရထားပေါ်မှာ တိုက်ခိုက်ခဲ့သူဟာ Batman ရုပ်ပြကာတွန်းမှ ဂျိုကာ (Joker) ဇာတ်ကောင်ပုံစံ ဝတ်ဆင်ထားတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ ဂျပန်သတင်းဌာန NHK က ဖော်ပြမှုအရ တိုက်ခိုက်သူဟာ ရထားပေါ်မှာ မီးစရှို့ခဲ့တယ်လို့ ဆိုပါတယ်။
NHK က တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူအရေအတွက်ကို ၈ ဦးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တိုက်ခိုက်သူဟာ မည်သို့ မီးရှို့ခဲ့ကြောင်း အတိအကျ မသိရသေးပေမဲ့ ထိုအမျိုးသားက ရထားတွဲထဲမှာ နေရာအနှံ့ကို အရည်တစ်မျိုးဖြင့် ပက်ဖြန်းခဲ့ကြောင်း သတင်းတွေက ပြောပါတယ်။ Twitter မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုတစ်ခုအရ တိုကိုမြို့ရှိ ဘူတာရုံတစ်ခုမှာ Keio Line ရထားရဲ့ ပြတင်းပေါက်ကနေ လူတွေ တိုးထွက်လာခဲ့ကြတာ တွေ့ရပါတယ်။
(Photo: Kyodo)
ဂျပန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ် ရှားပါးလေ့ရှိပေမဲ့ ဩဂုတ်လအတွင်းကလည်း တိုကျိုမြို့မှာ ရထားတစ်စင်းပေါ် ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရပြီး တစ်ဦးက ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဩဂုတ်လအတွင်း ဖြစ်ရပ်မှ သံသယရှိသူဟာ အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ တင်းကျပ်တဲ့ သေနတ်ကိုင်ဆောင်မှုဥပဒေ ပြဌာန်းထားပေမဲ့ အခြား လက်နက်များသုံးပြီး အကြမ်းဖက်ရာဇဝတ်မှုတွေ ဖြစ်ပွားတတ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် ကျောင်းသူတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ပြီး အခြား တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ထိုအမျိုးသားက ဘတ်စ်ကားစောင့်ဆိုင်းနေတဲ့ ကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းကလည်း ဂျပန်အလယ်ပိုင်းမှာ ကျည်ဆန်ရထားတစ်စင်းပေါ် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်မှုအတွက် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။