၂၀၂၀ ခုနှစ်အတွင်း UNICEF Myanmar က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မိဘတွေ အလုပ်လက်မဲ့ဖြစ်လာတာ၊ စားဝတ်နေရေးခက်ခဲလာတာတွေက ကလေးတွေကို အန္တရာယ် ရှိတဲ့လုပ်ငန်းခွင်တွေ ဆီကို တွန်းပို့နေပြီလို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ သန်းထက်မနည်းရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ် ILO က ၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ၊ မတည်ငြိမ်မှုအခြေအနေတွေကြောင့်ကလေးတွေဟာ ကျောင်းပညာ ရေးနဲ့ အလှမ်းဝေးနေခဲ့ပြီဖြစ်ပါတယ်။ 

Photo: UNICEF Myanmar

၂၀၂၀ ခုနှစ်အတွင်း UNICEF Myanmar က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မိဘတွေ အလုပ်လက်မဲ့ဖြစ်လာတာ၊ စားဝတ်နေရေးခက်ခဲလာတာတွေက ကလေးတွေကို အန္တရာယ် ရှိတဲ့လုပ်ငန်းခွင်တွေ ဆီကို တွန်းပို့နေပြီလို့သိရပါတယ်။ လက်ရှိသာမန်ကလေးတွေတောင် ပညာရေးအဆက်မပြတ်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေရချိန်မှာ ကလေးလုပ်သားတွေ ပညာရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ကြမလဲဆိုတာ စဉ်းစားကြဖို့ လိုအပ်လာပါပြီ။ 

Photo: Humanium

ကလေးလုပ်သားတွေအတွက် အဓိကကျတဲ့ Non Formal Education 

Non Formal Education ရဲ့ သဘောသဘာဝက ၁၀ နှစ်ကလေးလို့ ပြောလိုက်ရင် သူ့အရွယ်မှာ သိသင့်တဲ့ သချာ်၊ အင်္ဂလိပ်စာ စတာတွေကို ကောင်းကောင်းဖတ်နိုင်တဲ့အထိ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကလေးက ကျောင်းသင်ခန်းစာတွေနဲ့ အဆက်ပြတ်နိုင်ကောင်း ပြတ်နိုင်ပေမယ့် နောက်ပိုင်းမှာ မိမိဘာသာ လေ့လာနိုင်သွားတာမျိုးအထိ ဖြစ်ဖို့ လိုအပ်ပါတယ်။ ၁၀ နှစ်ကလေးဆိုရင် ဘာတွေ တတ်ထားသင့်သလဲဆိုတဲ့ အသက်အရွယ်ပေါ်မှာ မူတည်ပြီး ‌ ရေးဆွဲထားတဲ့ သင် ရိုးတွေရှိပါတယ်။ အဲဒါကို Non Formal Education လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုးလာနေတဲ့ ကလေးလုပ်သားတွေကို Non Formal Education ကောင်းကောင်းပေးနိုင်မယ်ဆိုရင် ကလေးလုပ်သားတွေဟာ  ပညာရေးနဲ့ အလှမ်းမဝေးနေတော့ဘဲ ပညာသင်ခွင့်အခွင့်အလမ်းကို Non Formal Education ကတစ်ဆင့်သင်ယူနိုင်ပါတယ်။ အဲဒီလို ပညာသင်ခွင့်ရတဲ့အတွက် ပိုပြီးကောင်းတဲ့ဘဝကို ဘယ်လိုသွားမလဲဆိုတာကို ကလေးက စဉ်းစားနိုင်တယ်လို့ Nway Oo Home Schooling က ဆိုပါတယ်။

Photo: unicef.cn

အကောင်အထည်ဖော်ဖို့ အားနည်းနေသေးတဲ့ Non Formal Education

မြန်မာနိုင်ငံမှာက ကလေးလုပ်သားဦးရေတိုးနေဆဲပဲဖြစ်ပေမယ့် ဥပဒေအရ ထိထိရောက်ရောက် အရေးမယူနိုင်သေးပါဘူး။ ဒီလို အရေးမယူနိုင်ခြင်းကြောင့် ပြဿနာတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ကလေးလုပ်သားတွေ ပညာသင်ယူခွင့်ရနိုင်ဖို့ကတော့ Non Formal Education နည်းလမ်းနဲ့ ယိုပေါက်တွေကို ဖာထေးဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ Non Formal Education နဲ့ ပတ်သက်ပြီး ရေးဆွဲထားတဲ့ သင်ရိုးတွေက အားရစ ရာကောင်းလှပေမယ့် တကယ့်လက်တွေ့မှာ အလုံးစုံအကောင်အထည်ဖော်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ Nway Oo Home Schooling ကဆိုပါတယ်။ 

Non Formal Education အားကောင်းဖို့ ပရဟိတ အဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေ အနေနဲ့ ကူညီလုပ်ဆောင်ပေးနေတာတွေ ရှိပေမယ့် ကလေးလုပ်သားဦးရေများတဲ့ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိရောက်မှုနည်းနေပါသေးတယ်လို့ သိရပါတယ်။ Non Formal Education ဆိုတာ ဆင်းရဲတဲ့နိုင်ငံအများစုမှာ အများဆုံးအသုံးပြု ရတဲ့ ပညာရေးစနစ်တစ်ခုဖြစ်ပေမယ့် ဒီနိုင်ငံမှာတော့ မထိ ရောက်သေးဘူးလို့ Nway Oo Home Schooling က ဆိုပါတယ်။ 

Photo: fabretto

ပညာသင်ခွင့်မရတဲ့ကလေးလုပ်သားတွေ ရဲ့အနာဂတ်

‘’ ကလေးလုပ်သားတွေဟာ နောင်တစ်ချိန် အနာဂတ်မှာ ဘာဖြစ်လာနိုင်သလဲ ဆိုတာကို အရိုးရှင်းဆုံးပြောရရင် ဘာမှဖြစ်မလာနိုင်တော့တာပါ။ လူဆိုတာ ရည်မှန်းချက်ရှိရမယ်ဆိုပေမယ့် ကလေးလုပ်သားတွေဟာ ပညာသင်ခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးသွားတဲ့အခါ လူလို့ ပီပီသသ မဖြစ်သွားတာမျိုး ဖြစ်လာပါလိမ့်မယ်။” လို့ Nway Oo Home Schooling က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၁၇ နှစ် အရွယ် အလုပ်လုပ်နေတဲ့ ကလေးတွေထဲမှာ (၅၄ %) မှာ ယောက်ျားလေးများဖြစ်ကာ (၄၆ %)မှာ မိန်းကလေးများ ဖြစ်နေတယ်လို့ (၂၀၁၅) ခုနှစ် လုပ်သားအင်အားစစ်တမ်း၊ ကလေးလုပ်သား-စာသင်ကျောင်းမှ-အလုပ်ခွင်သို့ ကူးပြောင်းမှု စစ်တမ်းများ (LFS-CL-STWTS) တွင်တွေ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ကလေးလုပ်သားတွေ များပြားနေတာဟာ အစိုးရအပေါ် အများကြီး မူတည်ပြီး ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးဖို့ လိုတယ်လို့ သုံးသပ်ကြပါတယ်။

ပညာသင်ခွင့်ဆုံးရှုံးမှုက ကလေးတွေကို ဒုစရိုက် လောကထဲ တွန်းပို့နေသလို ဖြစ်နိုင်လား

“ ဒုစရိုက်မှုဆိုတာ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ်တိုင်ကလည်း ပညာဆက်လက်မသင်ယူတော့တဲ့အခါ ပတ်ဝန်းကျင်မှာလည်း မိမိနဲ့ အဆင်ပြေတာ ဆက်စပ်ရာသူတွေကိုပဲ ပေါင်းသင်းတဲ့အခါ ဒီလိုပတ်ဝန်းကျင်ကနေ အသိအမှားတွေရသွားတတ်ပါတယ်။ ဥပမာ- မူးယစ်ဆေးဝါး သုံးကြတဲ့အခါ တချို့ပညာတတ်တွေလည်း မူးယစ်ဆေးဝါးသုံးနေတာတွေ ရှိပါတယ်။ ဒါပေမယ့် မသေအောင် နေတတ်တဲ့ဆိုတဲ့ အသိပညာမျိုး ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် မိမိက ဆင်ခြင်တုံမှုနည်းပါးပြီး ပညာမတတ်တဲ့အခါ မူးယစ်ဆေးဝါးသုံးစွဲတာကအစ လွန်လွန်ကျွံကျွံဖြစ်သွားတတ်တဲ့အထိ ဖြစ်တတ်ပါတယ်။” လို့ Nway Oo Home Schooling က သုံးသပ်ပြောဆိုပါတယ်။

ပညာရေးက ကလေးရဲ့စိတ်ကို ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်သလဲ

“ ပညာသင်ကြားခြင်းဆိုတာ တွေးခေါ်စဉ်းစားတတ်ခြင်းဖြစ်ပါတယ်။ ပညာဆိုတာ လူတယောက်ကို ကြမ်းတမ်းသွားစေတယ်ဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတာ အကြောင်းအရာတစ်ခုကို အကြိမ်ကြိမ်ပွားများ ဆင်ခြင် ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းဖြစ်လာပြီး ကလေးက သူ့ဘာသာသူ နူးညံသွားတာဖြစ်ပါတယ်။ တကူးတက သင်ပေး၊ပြောပေးနေစရာမလိုဘဲ ပညာကြောင့် လူ့စိတ်ကို နူးညံစေပါတယ်။ အဲဒါကြောင့် တော်တန်ရုံ အမှားနည်းသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာအတွက် ဆင်ခြင်သုံးသပ်ရတဲ့ စိတ်လေ့ကျင့်ခန်းက နူးညံစေလို့ပဲ ဖြစ်ပါတယ်။ “

သတင်းဆောင်းပါးပါ အချက်အလက်များသည် Nway Oo Home Schooling ကအကြံပြုမျှဝေဆွေးနွေးထားခြင်း ဖြစ်ပါသည်။ 

Share

Loading Next Article...
က္က