ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်က ချဲလ်ဆီးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဥ်အပြီး တယောက်တည်း ထူးထူးဆန်းဆန်း အမူအရာတခုကို လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် သူက ဒါကို အကြောင်းမဲ့သပ်သပ်လုပ်တာမဟုတ်ဘဲ ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့်ကို နောက်ပြောင်တဲ့အနေနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။
အချိန်ပို မိနစ် (၃၀) ဆက်ကစားခဲ့ရတဲ့အဲ့ဒီပွဲမှာ ချဲလ်ဆီးက မေဆင်မောင့်၊ ရူဒီဂါ၊ ဗာနာတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို၊ ဘန်ဇီမာတို့ရဲ့ ချေပဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်က ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။
အဲ့ဒီပွဲအပြီးမှာ မေဆင်မောင့်က ပွဲကြည့်စင်ပေါ်က တယောက်ယောက်ကို ရှာဖွေနေဟန်ရှိပြီး တိုနီကရူးစ်ကလည်း ရယ်ကျဲကျဲနဲ့ မေဆင်မောင့်လို လိုက်လုပ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဒီနှစ်သင်း ထပ်တိုက်တွေ့ခဲ့တုန်းက တိုနီကရူးစ်နဲ့ မေဆင်မောင့်တို့အကြား စကားလုံးစစ်ထိုးပွဲတွေရှိခဲ့ပါတယ်။
တိုနီကရူးစ်က ရီးရဲလ်မက်ဒရစ်ဟာ တယောက်ချင်းကို ကြောက်ရွံ့နေမှာမဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပြီး မေဆင်မောင့်ကတော့ ရီးရဲလ်မက်ဒရစ်အနေနဲ့ ချဲလ်ဆီးကို အသင်းလိုက်အနေနဲ့ ထိတ်လန့်နေရမှာဖြစ်တဲ့အကြောင်း တုံ့ပြန်ခဲ့ရာကနေ စကားလုံးစစ်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီရာသီမှာ ချဲလ်ဆီးက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်က ချဲလ်ဆီးကို အကြွေးဆပ်ခဲ့တာဖြစ်ပြီး တိုနီကရူးစ်ကလည်း သူနဲ့စကားလုံးစစ်ထိုးတဲ့ မေဆင်မောင့်ကို အကြွေးပြန်ဆပ်သွားတာဖြစ်တယ်လို့ ပရိသတ်တွေက အသီးသီး မှတ်ချက်ပြုခဲ့ကြပါတယ်။