ကာဆီးလက်စ်နဲ့တိုနီကရူးစ်တို့က မက်ဆီ ဘလွန်းဒီအော်ဆုရတဲ့အပေါ် ဝေဖန်ပြောကြားခဲ့တာပါ။

ရီးရဲယ်မက်ဒရစ်ကွင်းလယ်လူ တိုနီကရူးစ်နဲ့ အသင်းရဲ့ ဂန္တဝင်ဂိုးသမားဟောင်းကြီး ကာဆီးလက်စ်တို့ဟာ မက်ဆီ ဘလွန်းဒီအော်ဆုရတဲ့အပေါ် အကြီးအကျယ် ဝေဖန်ခဲ့တယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ သူ့အတွက် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဆုလက်ခံရယူချိန်မှာ လီဝန်ဒေါစကီးက ဒီဆုနဲ့ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။



လက်ရှိအချိန်မှာလည်း ကာဆီးလက်စ်က မက်ဆီ ဒီလိုမျိုးဆုရခဲ့တဲ့အပေါ်မှာ “နောက်ပိုင်းနှစ်တွေမှာ ဘောလုံးနဲ့ပတ်သက်တဲ့ဆုတွေကို ယုံကြည်ဖို့ ပိုပိုပြီး ခက်ခဲလာပါတယ်။ ကျနော့်အတွက် မက်ဆီက ထာဝရအကောင်းဆုံး ကစားသမား (၅) ယောက်ထဲက (၁) ယောက်ဖြစ်ပါတယ်”

“ဒါပေမယ့် ဆုရွေးချယ်တဲ့သူအနေနဲ့ သတ်မှတ်ထားတဲ့ရာသီမှာ ဘယ်သူက အကောင်းဆုံး ကစားသမားလဲဆိုတာကို သေချာထုတ်နှုတ်နိုင်ဖို့ လိုအပ်တာပေါ့။ ဒါက အဲ့ဒီလောက်မခက်ခဲပါဘူးဗျာ။ အခြားသောအရာတွေကသာ ပိုခက်တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်မှာ လက်ရှိကစားနေတဲ့ တိုနီကရူးစ်ကလည်း သူ့ရဲ့ Podcast မှာ “မက်ဆီ ဘလွန်းဒီအော်ရသွားတာက လုံးဝကို မထိုက်တန်ပါဘူး။ မက်ဆီ၊ ရော်နယ်ဒိုတို့က ဆယ်စုနှစ်တခုအတွင်းမှာ အကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး”

“ဒါပေမယ့် ဒီနှစ်မှာတော့ မက်ဆီထက်ပိုပြီး ဘလွန်းဒီအော်ရသင့်တဲ့ အခြားကစားသမားတွေ အများကြီးရှိပြီးသားပါ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ တိုနီကရူးစ် ရွေးချယ်ခဲ့တဲ့ ဘလွန်းဒီအော်ဆုအတွက် ထိပ်ဆုံး ကစားသမား (၃) ယောက်ကတော့ ကလပ်အသင်းဖော် ဘန်ဇီမာ၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ဖြစ်ပါတယ်။

ဒီလိုမျိုး ဝေဖန်မှုတွေရှိနေပေမယ့် အင်္ဂလန်ဂန္တဝင်ဟောင်းကြီး ဂယ်ရီလိုင်နီကာကတော့ “ကြီးကျယ်ခမ်းနားတဲ့ (၇) ကြိမ်မြောက်ဆုပါပဲ။ မက်ဆီအတွက် ဂုဏ်ပြုပါတယ်။ သူက ကွင်းတွင်းရော၊ ကွင်းပြင်မှာပါ ထူးချွန်တဲ့ ကစားသမားဖြစ်ပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့ပါသေးတယ်။ 

Share

က္က