တရုတ်နိုင်ငံဟာ ဘောလုံးသမားတွေကို တက်တူးထိုးခွင့်မပြုတော့ဘဲ နိုင်ငံလက်ရွေးစင် ကစားသမားတွေအနေနဲ့လည်း တက်တူးထိုးထားတယ်ဆိုရင် ဒါတွေကို ဖျက်ပစ်ဖို့ ဒါမှမဟုတ် တခုခုနဲ့ ဖုံးအုပ်ပစ်ဖို့ ညွှန်ကြားလိုက်တယ်လို့ သိရှိရပါတယ်။
တရုတ်နိုင်ငံတွင်း နာမည်ကျော်ကစားသမားတွေကြားမှာ တက်တူးထိုးတဲ့ အလေ့အထက တော်တော်လေး ရေပန်းစားလာခဲ့ပြီး လက်ရွေးစင်နောက်ခံလူ လင်ပန်အပါအဝင် ကစားသမားအများစုက တက်တူးထိုးထားကြတာပါ။ ဒါပေမယ့် ဒီကစားသမားအနေနဲ့ သူ့ရဲ့တက်တူးတွေကို တခုခုနဲ့ ဖုံးအုပ်ထားဖို့အတွက် ကလပ်အသင်းဖြစ်တဲ့ ဂွမ်ဇူးကရော၊ နိုင်ငံ လက်ရွေးစင်အသင်းကပါ ညွှန်ကြားလိုက်ပါတယ်။
တရုတ်အားကစားဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လက်ရွေးစင် ကစားသမားတွေကို စည်းကမ်းတင်းကျပ်မှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေကို ပြသဖို့နဲ့ လူ့အဖွဲ့အစည်းအတွက် စံနမူနာကောင်းတွေဖြစ်အောင် ထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရွေးစင်နဲ့ ယူ-၂၃ အသင်း ကစားသမားတွေအနေနဲ့ တက်တူးအသစ် ထပ်မံထိုးခွင့်မရှိတော့ဘဲ တက်တူးထိုးပြီးသား ကစားသမားတွေအနေနဲ့ ဒီတက်တူးတွေကို ဖျက်ပစ်ဖို့၊ လေ့ကျင့်ခန်းအစီအစဥ်နဲ့ ပွဲကစားနေချိန်မှာ တခုခုနဲ့ဖုံးကွယ်ထားဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒါ့အပြင် ယူ-၂၀ ကစားသမားတွေကိုလည်း တက်တူးလုံးဝထိုးခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
တရုတ်ဟာ စူပါလိဂ်ကို အကောင်အထည်ဖော်ပြီး လက်ရွေးစင်နဲ့ စူပါလိဂ်အသင်းတွေကို နာမည်ကျော်နည်းပြတွေနဲ့ ကိုင်တွယ်လေ့ကျင့်စေခဲ့ပေမယ့် တိုးတက်မှု တစုံတရာမရှိခဲ့ပါဘူး။ ဥရောပက နာမည်ကျော် ကစားသမားတွေကိုလည်း ခေါ်ယူခဲ့သေးပေမယ့် ငွေကြေးအလုံးအရင်း ကုန်သွားခဲ့တာသာ အဖတ်တင်ခဲ့ပါတယ်။
တရုတ်ဟာ လာမယ့် (၂၀၂၂) မှာ ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘဲ အခုလို စည်းကမ်းတွေ ထပ်ထုတ်တာက အူကြောင်ကြောင်နိုင်တဲ့လုပ်ရပ်တွေလို့ပဲ သုံးသပ်ရပါလိမ့်မယ်။