အော်စကာနဲ့ ဘာကာဆွေးနွေးနေတာပါ။

တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပို့တ်မှာ ကစားနေတဲ့ ဘရာဇီးလူမျိုး ကွင်းလယ်လူ အော်စကာက သူ့အနေနဲ့ စပိန်လာလီဂါက နာမည်ကြီးကလပ် ဘာစီလိုနာနဲ့ ဆွေးနွေးနေတဲ့အကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အော်စကာဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်မှာပဲ ချဲလ်ဆီးကို စွန့်ခွာပြီး တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။



အော်စကာဟာ လက်ရှိ ရှန်ဟိုင်းပို့တ်မှာ တပတ်လုပ်ခ ပေါင် (၅၄၀,၀၀၀) အထိရရှိနေပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တော့ လစာလျှော့ယူသွားဖို့ အစီအစဥ်ရှိတယ်လို့လည်း ပြောပါတယ်။ အော်စကာဟာ တရုတ်စူပါလိဂ်ကို ပြောင်းချိန်မှာလည်း သူ့အတွက် ငွေကြေးက အရေးပါတာကြောင့် ဒီလိုဆုံးဖြတ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

လက်ရှိ ဘာစီလိုနာနဲ့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ်မှာလည်း အသက် (၃၀) အရွယ် အော်စကာက “ဟုတ်ပါတယ်။ ဘာစီလိုနာက ကျနော့်အေးဂျင့်ဆီ ဆက်သွယ်လာပြီး ကျနော့်ကိုခေါ်ယူနိုင်ခြေအတွက် မေးမြန်းခဲ့ပါတယ်။ တရုတ်စူပါလိဂ်က မတ်အထိ ရပ်နားထားတာကို သူတို့သိပါတယ်”

“ဒါပေမယ့် သူတို့လည်း အခုချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ဒီအတွက် တခုခုအဖြေပေါ်အောင် ကြိုးစားနေပုံပါပဲ။ ဘာစီလိုနာက ကစားသမားသစ် မှတ်ပုံတင်တဲ့ကိစ္စတွေမှာ ပြဿနာရှိနေသလို ကျနော့်ကလပ်နဲ့လည်း သူတို့ မဆွေးနွေးရသေးပါဘူး”

“ဘာစီလိုနာက ကျနော့်ကို ရာသီကုန်အထိ ခေါ်ချင်တာပါ။ အခုတော့ ဆွေးနွေးတုန်းပါပဲ။ ဒါပေမယ့် ကစားသမားသစ် ခေါ်ယူမှုတွေမှာ သူတို့ ပြဿနာရှိပါတယ်။ ကျနော့်စိတ်ထင် ဒန်နီအဲလ်ဗက်စ်လည်း ဒါမျိုးဖြစ်ခဲ့တယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့အတွက် ဒန်နီအဲလ်ဗက်စ်ကို ပြန်လည်ခေါ်ယူထားသလို ဖာရန်တောရက်စ်ကိုလည်း မန်စီးတီးကနေ ခေါ်ယူထားပြီးဖြစ်ကာ အခုချိန်မှာ အော်စကာအတွက်ပါ ဆက်လက်ကြိုးစားနေတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က