ရူဒီဂါ အသင်းကိုရောက်လာတော့မယ်လို့ ရီးရဲယ်ကစားသမားတွေက ယုံကြည်နေကြပါပြီ။

ရီးရဲယ်မက်ဒရစ် ကစားသမားတွေဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ အသင်းကို ရောက်ရှိလာမယ်လို့ ယုံကြည်နေကြပြီဖြစ်ပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။



ဇန်နဝါရီ (၁) မှာ ရူဒီဂါက အခြားအသင်းတသင်းနဲ့ အကြိုသဘောတူညီမှုယူနိုင်တော့မှာဖြစ်ပြီး ရူဒီဂါအနေနဲ့ ရီးရဲယ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ သေချာသလောက်ရှိနေပြီလို့လည်း သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ နောက်ခံလူ အလာဘာကို အလွတ်ပြောင်းရွှေ့ကြေး၊ ကွင်းလယ်လူ ကာမာဗင်ဂါကို ယူရိုသန်း (၆၀) တို့နဲ့ ခေါ်ယူခဲ့တာပါ။

လာမယ့် အပြောင်းအရွှေ့မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ကြီးမားတဲ့ အားဖြည့်မှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီး အမ်ဘာပေ၊ ဟာလန်းနဲ့ ရူဒီဂါတို့ကို အရခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဆိုကြပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရာမို့စ်၊ ဗာရန်းတို့နှစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတာကြောင့် ဗဟိုခံစစ်နေရာမှာ အားနည်းနေပြီး ရူဒီဂါက အကောင်းဆုံး ပြင်ဆင်အားဖြည့်မှုဖြစ်လာမှာပါ။

အသက် (၂၈) နှစ်အရွယ် ရူဒီဂါဟာ ချဲလ်ဆီးမှာ ဆက်နေဖို့လည်း ဆန္ဒရှိပေမယ့် အသင်းဘက်က လက်ရှိကမ်းလှမ်းထားတဲ့ တပတ်လုပ်ခ ပေါင် (၁၄၀,၀၀၀) ရဲ့ နှစ်ဆ ပမာဏကို အလိုရှိနေတာကြောင့် စာချုပ်သစ်ကိစ္စက သဘောတူညီမှု မရရှိသေးတာပါ။

ချဲလ်ဆီးအနေနဲ့ ရူဒီဂါ တောင်းဆိုတဲ့ ပမာဏအတိုင်း ပေးချေလိုက်ရင် ကျန်ကစားသမားတွေရဲ့ လစာငွေကို ထိန်းချုပ်ဖို့ ခက်ခဲသွားမယ်လို့ ယူဆနေပါတယ်။ ရီးရဲယ်မက်ဒရစ်ကတော့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေးချေစရာ မလိုတာကြောင့် ရူဒီဂါ အလိုရှိနေတဲ့ လုပ်ခလစာကို အလွယ်တကူ ပေးချေသွားဖို့ ပြင်ဆင်ထားပါတယ်။

ရီးရဲယ်မက်ဒရစ်ဟာ အရင်ကလည်း ကော်တိုအာ၊ ဟာဇက်တို့ကို ချဲလ်ဆီးကနေ ခေါ်ယူခဲ့ဖူးပြီး အခု ရူဒီဂါကိုပါ ထပ်မံခေါ်ယူနိုင်မလား စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က