မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် သီယာဂိုအယ်ကန်တာရာနဲ့ ဒုတိယအကြိမ် ပြန်လည်ဆုံစည်းလိုနေတယ်လို့ သိရပါတယ်။
ဂွါဒီယိုလာဟာ အယ်ကန်တာရာရဲ့ခြေစွမ်းကို အလွန်နှစ်သက်သူဖြစ်ပြီး ဖာနန်ဒင်ဟိုရဲ့နေရာမှာ ကာလရှည်အစားထိုးဖို့အတွက် ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဂွါဒီယိုလာက ဘိုုင်ယန်မြူးနစ်ကို စတင်ရောက်ရှိတဲ့ ၂၀၁၃ ခုနှစ်မှာပဲ ဘာစီလိုနာအသင်းကနေ အယ်ကန်တာရာကို ပေါင် ၂၁ သန်းနဲ့ အလျင်အမြန် ခေါ်ယူခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့နွေရာသီက လက်စတာစီးတီးအသင်းကနေ မာရက်ဇ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့တဲ့ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ထက်ပိုမိုတဲ့ ပမာဏနဲ့ အယ်ကန်တာရာကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
လာမယ့်နွေရာသီမှာ ကွင်းလယ်ကစားသမားတစ်ဦးကို မရအရ ခေါ်ယူဖို့က ဂွါဒီယိုလာရဲ့ အဓိကဦးစားပေးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က နာပိုလီကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဂျော်ဂျင်ဟိုက ဆရာဟောင်းဖြစ်တဲ့ ဆာရီရှိရာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ အက်သလက်တီကိုမက်ဒရစ်ရဲ့ ဆာအူးလ်နီဂွယ်ကိုလည်း စိတ်ဝင်စားနေပေမယ့် ဆာအူးနီဂွယ်ဟာ အက်သလက်တီကိုနဲ့ချုပ်ဆိုထားတဲ့ ၉ နှစ်စာချုပ်မှာ ၇ နှစ်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ သီယာဂိုအယ်ကန်တာရာဟာ ဂွါဒီယိုလာရဲ့လက်အောက်မှာ နောက်ထပ်တကြိမ် ပြန်လည်ကစားဖို့အခွင့်အရေးကို အမိအရဆုပ်ကိုင်ဖွယ် ရှိနေပါတယ်။