ရိုးမားပရိသတ်တွေကို အဲဒီလိုမလုပ်ကြဖို့ လက်ဟန်အမူအယာနဲ့ ပြသခဲ့တာပါ။

ရိုးမားနည်းပြကြီးမော်ရင်ဟိုကတော့ မနေ့က ကစားခဲ့တဲ့ ဆမ်ဒိုးရီးယားနဲ့ပွဲမှာ ပြိုင်ဘက်နည်းပြစတန်ကိုဗစ်ကို အော်ဟစ်လှောင်ပြောင်ခဲ့တဲ့ ရိုးမားပရိသတ်တွေကို အဲဒီလိုမလုပ်ဖို့အတွက် တားမြစ်သွားခဲ့ပါတယ်။ ရိုးမားက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး စတန်ကိုဗစ်ဟာ သူ့အသင်းသားဖြစ်တဲ့ မော်ရီလိုထုတ်ပယ်ခံရချိန်မှာ ဒေါသထွက်နေခဲ့ပြီး ရိုးမားပရိသတ်တွေက ဒီအပေါ်မှာ လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ 



ရိုးမားပရိသတ်တွေဟာ စတန်ကိုဗစ်ကို မသင့်လျော်တဲ့ အသုံးအနှုန်းတွေနဲ့ အော်ဟစ်ပြောဆိုနေခဲ့ပြီး စတန်ကိုဗစ်ကတော့ ပြုံးပဲပြုံးနေခဲ့ပါတယ်။ ဒီအချိန်မှာ မော်ရင်ဟိုက ထိုင်ရာကထလာခဲ့ပြီး အဲဒီလိုတွေမလုပ်ဖို့ လက်ဟန်ခြေဟန်ပြသကာ သူ့ပရိသတ်တွေကို ထိန်းသိမ်းခဲ့ပြီး စတန်ကိုဗစ်ကို ကာကွယ်ပေးခဲ့ပါတယ်။ စတန်ကိုဗစ်ကတော့ မော်ရင်ဟို အင်တာမီလန်ကို ကိုင်တွယ်တုန်းက အသင်းသားအဖြစ် ကစားခဲ့ဖူးသူဖြစ်ပါတယ်။ 

သူ့ရဲ့ ဒီအပြုအမူနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ မော်ရင်ဟိုက "လူကြီးလူကောင်းတဦးအတွက် ကျနော် လုပ်ခဲ့တာပါ၊ ပြီးတော့ သူငယ်ချင်းကောင်းတဦးအတွက်ပါ၊ သူ့မှာ မိသားစုနဲ့ ကလေးတွေရှိပါတယ်၊ ကျနော်တို့ပရိသတ်တွေကလည်း တကယ်ကောင်းမွန်ပါတယ်၊ ဒါပေမယ့် ကျနော့်သူငယ်ချင်းတွေကိုတော့ မထိပါနဲ့" လို့ ပြောဆိုခဲ့ပါတယ်။

စတန်ကိုဗစ်ကလည်း ဒီဖြစ်ရပ်ကို Football Italia ကတဆင့် "ဟိုဆေးကို ကျေးဇူးတင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော် ဒီလိုမျိုးမမျှော်လင့်ထားခဲ့လို့ပါ၊ ဒီလိုမျိုး လှောင်ပြောင်ခံရတာကိုတော့ ကျနော်ဂုဏ်ယူမိပါတယ်၊ ဂျစ်ပစီတယောက်ဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

စတန်ကိုဗစ်ကတော့ အင်တမီလန်မှာ ကာလရှည်ကစားခဲ့သူဖြစ်ပြီး မော်ရင်ဟိုလက်အောက်မှာ တရာသီတည်းဖလားသုံးလုံးရ အသင်းသားဖြစ်ခဲ့တာပါ။ ဆာဘီးယားကလပ် ရက်ဒ်စတားဘဲဂရိတ်ကို နည်းပြအဖြစ်ကိုင်တွယ်ပြီး အမှတ်ပေးဖလား ၃ လုံးနဲ့ လိဂ်ဖလား ၂ လုံးရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဆမ်ဒိုးရီးယားနည်းပြဖြစ်လာခဲ့တာပါ။ 

Share

Loading Next Article...
က္က